Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်ချွတ်ယွင်းပြီး အိန္ဒိယမှာ သောင်တင်နေတဲ့ ဗြိတိန် တိုက်လေယာဉ်က ကမ္ဘာလှည့်ခရီးသွား မြှင့်တင်ရေး ပိုစတာစတား ဖြစ်လာ

စက်ချွတ်ယွင်းမှုကြောင့် အိန္ဒိယရဲ့ ပြည်နယ်တစ်ခုမှာ သောင်တင်နေတဲ့ ဗြိတိန် တိုက်လေယာဉ် တစ်စီးဟာ အခုတော့ အဲဒီ ပြည်နယ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက်ရေး သံတမန် တာဝန်ကိုပါ မမျှော်လင့်ဘဲ ထမ်းဆောင်နေပါပြီ။

Royal Air Force

စက်ချွတ်ယွင်းမှုကြောင့် အိန္ဒိယရဲ့ ပြည်နယ်တစ်ခုမှာ သောင်တင်နေတဲ့ ဗြိတိန် တိုက်လေယာဉ် တစ်စီးဟာ အခုတော့ အဲဒီ ပြည်နယ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက်ရေး သံတမန် တာဝန်ကိုပါ မမျှော်လင့်ဘဲ ထမ်းဆောင်နေပါပြီ။

အမေရိကန်က ထုတ်လုပ်ပြီး ဗြိတိန် ရေတပ်က အသုံးပြုနေတဲ့ အဲဒီ F-35B တိုက်လေယာဉ်ဟာ လေယာဉ်တင် သင်္ဘောကနေ ပျံတက်လာပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ ပါဝင်နေရင်းကနေ ဇွန်လ ၁၄ ရက်နေ့တုန်းက ကီရာလာပြည်နယ် မြို့တော် သီရူဗန်နန်သာပူရမ်ရဲ့ နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အိန္ဒိယရေတပ်နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ ဗြိတိန် လေယာဉ်တင် သင်္ဘောဟာ အင်ဂျင်နီယာတွေနဲ့ စက်ပြင်ဆရာတွေကို ချက်ချင်း ရဟတ်ယာဉ်နဲ့ စေလွှတ်ခဲ့ပေမယ့် လေယာဉ်ရဲ့ ဟိုက်ဒရောလစ် စနစ်မှာ ထိခိုက်ပျက်စီးထားတာကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီပြစ်ချက်ကို ဆက်ပြီး ပြင်ဆင်ရင်း ထင်ထားတာထက် အချိန်ပိုကြာနေပြီး အခုဆိုရင် ၃ ပတ်လောက်တောင် ကြာလာခဲ့ပြီးပါပြီ။

F-35 စီးရီး တိုက်လေယာဉ်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ အပါအဝင် ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး လေကြောင်း စစ်ဆင်ရေး နည်းပညာတွေ ထည့်သွင်း တည်ဆောက်ထားတာကြောင့် သူစိမ်းနိုင်ငံ တစ်ခုမှာ အခုလို အချိန်ကြာကြာ သောင်တင်နေခြင်းက နည်းပညာ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားစေနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် ရေတပ်အတွက် ဒီကိစ္စက ခေါင်းစားစရာ ဖြစ်နေပေမယ့် ကီရာလာ ပြည်နယ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီတွေ အတွက်တော့ စိတ်ကူးကောင်း ရစေမယ့် အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ အခုအခါ လူမှုကွန်ရက်မှာ အရမ်းလူပြောများနေတဲ့ ပိုစတာ တစ်ခုမှာတော့ အဲဒီ F-35B တိုက်လေယာဉ်ဟာ ထင်မှတ်မထားတဲ့ စတားအဖြစ် ပါဝင်ခွင့် ရနေတာကို တွေ့ရပါတယ်။

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတဲ့ ပိုစတာမှာတော့ ပြေးလမ်းပေါ် ရပ်ထားတဲ့ F-35 တိုက်လေယာဉ်ကို ကီရာလာ ပြည်နယ်ရဲ့ သင်္ကေတလို့ ဆိုနိုင်တဲ့ အုန်းထန်းပင်တွေနဲ့ ယှဉ်တွဲလျက်သား တွေ့ရပါတယ်။ ကီရာလာ ပြည်နယ် အစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား ဌာနက အဲဒီ ပိုစတာကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့နောက် လူတွေကြားမှာ အရမ်းမြန်မြန် ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပိုစတာထဲမှာ လေယာဉ်က ပြောတဲ့ စကားပုံစံမျိုးနဲ့ ‘ကီရာလာက တကယ်မိုက်တဲ့နေရာ။ ငါတော့ မပြန်ချင်တော့ဘူး။ ဒီမှာနေဖို့ ကျိန်းသေ ထောက်ခံတယ်ကွာ’လို့ ထည့်ရေးထားပါတယ်။ ဒါ့အပြင် ဂျက်တိုက်လေယာဉ်က ကီရာလာကို လည်ပတ်သင့်ကြောင်း ရွှေကြယ်ပွင့် ၅ ပွင့်အပြည့် အမှတ်ပေးထားပါသေးတယ်။

ဒါဟာ ကမ္ဘာလှည့် ခရီးသွား ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်းဖို့ စိတ်ကူးဉာဏ် အထက်သန်ဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး ဖန်တီးမှု တစ်ခုလို့ ကီရာလာပြည်နယ် ကမ္ဘာလှည့်ခရီးသွားဝန်ကြီး ဘီဂျူကေက ဆိုပါတယ်။ အခုပိုစတာက စိတ်ကူးကောင်းပေမယ့် ဗြိတိန် ရေတပ်အပေါ် မလေးစားရာ ကျနေမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ ပြည်နယ် ကမ္ဘာလှည့် ခရီးသွား ဌာနရဲ့ ပုံရိပ်မြှင့်တင်ရေး လက်တွဲဖော်အဖြစ် စာချုပ်ထားတဲ့ အေဂျင်စီ Stark Communicationsရဲ့ ဒါရိုက်တာ ရိုင်မက်သရူးကတော့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ အစိုးရ ကွပ်ကဲမှု အောက်မှာ ရှိပေမယ့် ပုံရိပ်မြှင့်တင် ဆွဲဆောင်မှု လုပ်ငန်းတွေကိုတော့ ပုဂ္ဂလိက မိတ်ဖက်တွေက လွတ်လွတ်လပ်လပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ကီရာလာဟာ အိန္ဒိယရဲ့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု အများဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်ထဲမှာ စုစုပေါင်း ခရီးသွား ၂၂.၂ သန်း ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။