ပြည်တွင်းကို နိုင်ငံခြား ခရီးသွားတွေ ဝင်ရောက်မှု မြှင့်တင်ဖို့လို့ ကြွေးကြော်ပြီး မြောက်ကိုရီးယား အစိုးရဟာ အပန်းဖြေ ကမ်းခြေသစ် တစ်ခုကို မကြာသေးခင်က ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမဲ့ ရက်ပိုင်း အကြာမှာပဲ အဲဒီ ကမ်းခြေဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယား အစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား ဌာနက နိုင်ငံ အရှေ့ပိုင်းမှာ လတ်တလော အသစ်ဖွင့်လှစ်လိုက်တဲ့ ကမ်းခြေ အပန်းဖြေ စီမံကိန်းဆီ နိုင်ငံခြားသားတွေ ဝင်ရောက် လည်ပတ်ခွင့် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစိုးရပိုင် သတင်းဌာနကတော့ အခုလ အစောပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ကမ်းခြေသစ်မှာ ပြည်တွင်း ခရီးသွားတွေ တပျော်တပါး လည်ပတ်နေတယ် ဆိုတာမျိုး ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယား မီဒီယာတွေက မြောက်ကိုရီးယားရဲ့ ဝိုင်ကီကီလို့ တင်စားဖော်ပြကြတဲ့ ကမ်းခြေစီမံကိန်းဟာ ဝန်ဆန် ကယ်လ်မာ ကမ်းရိုးတန်းက ကမ္ဘာလှည့် ခရီးသွားဇုန်မှာ တည်ရှိပြီး ရေပန်းဥယျာဉ်တွေ၊ ရေလွှာလျှော ကစားကွင်းတွေ၊ ဟိုတယ်ကြီးတွေ ဖွဲ့စည်း ပါဝင်ပါတယ်။
မြောက်ကိုရီးယားဟာ အဲဒီ ကမ်းခြေနေရာမှာ ရုရှား ကမ္ဘာလှည့် ခရီးသွားတွေကို အဓိက ဆွဲဆောင်ဖို့ ရည်ရွယ်ထားခဲ့ပြီး ရုရှား သံအမတ်ကြီးကိုတောင် ဖိတ်ကြားခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဟာ ရုတ်တရက် စိတ်ပြောင်းပြီး အဲဒီကမ်းခြေဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ဘာကြောင့် ပိတ်လိုက်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Public Service Announcement
မြောက်ကိုရီးယား အမျိုးသား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကွပ်ကဲရေး ဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ယာယီ ပိတ်ထားမယ့်အကြောင်း အခုသီတင်းပတ်မှာ ဖော်ပြထားခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ လူ ၂၀၀၀၀ လောက်ကို ဧည့်ခံနေရာချထားပေးနိုင်ဖို့ လုံလောက်တဲ့ ကမ်းခြေဇုန်ဆီ ကမ္ဘာလှည့် ခရီးသည်တွေ အသုတ်လိုက် ဝင်ရောက်လာဖို့ မျှော်လင့်ကြောင်း အစိုးရ မီဒီယာတွေမှာ ဖော်ပြထားခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြောင်းပြုပြီး နိုင်ငံ စီးပွားရေးကို မြှင့်တင်ဖို့ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိနေကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ အခု ကမ်းခြေ ဟိုတယ်ဇုန်ဟာလည်း ကင်မ်က အထူးအလေးထားတဲ့ စီမံကိန်း ဧရိယာ တစ်ခုပါ။
ကပ်ရောဂါ ကာလအလွန် နယ်စပ်တွေကို ပြန်ဖွင့်ခဲ့တဲ့နောက် မြောက်ကိုရီးယားဟာ ၂၀၂၄ ကစလို့ ရုရှား ကမ္ဘာလှည့် ခရီးသွားတွေကို ပြည်တွင်းမှာ ပြန်လည်ဝင်ရောက် လည်ပတ်ခွင့် ပြုခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလမှာတော့ အနောက်နိုင်ငံတွေရဲ့ ခရီးသွား ဧည့်သည်တွေကို အချိန်တိုလောက် ပြန်လည် လက်ခံခဲ့ပြီး ရုတ်တရက် အဲဒီ ခွင့်ပြုချက်ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
ကိုးကား: AFP


















































