ရေပိုင်နက် အငြင်းပွားရာ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ထိန်းချုပ် ရေပြင်ဆီ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း တရုတ်က ကြေညာပါတယ်။ ဒါပေမဲ့ ဩဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ အဲဒီ ကြေညာချက်မှာ အရေးကြီးတဲ့ ဖြစ်စဉ် တစ်ခုကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒါကတော့ ဖိလစ်ပိုင် ရေယာဉ်ကို လိုက်လံ ဖိအားပေးရင်း တရုတ်ရေယာဉ်နှစ်စီး အချင်းချင်း တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ် ဆိုတာပါ။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အဲဒီဖြစ်စဉ်ကို အထင်အရှား တွေ့ခဲ့ရပါတယ်။ ဩဂုတ် ၁၁ ရက်နေ့က တရုတ်ရေတပ် အဓိက လှုပ်ရှားရာ စကားဘရော့ ကမ်းဝေး ကျွန်းတန်းတွေနားမှာ ဖိလစ်ပိုင်ရေယာဉ် ဖြတ်မောင်းတဲ့အချိန် တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောတစ်စီးနဲ့ တရုတ်ရေတပ် သင်္ဘောတစ်စီးက နှစ်ဖက်ညှပ်ပြီး အရှိန်နဲ့ ခုတ်မောင်း လိုက်ပါခဲ့ကြပါတယ်။
အဲဒီနောက် တရုတ် ကမ်းခြေစောင့် သင်္ဘောက ညာဖက်ကို အတင်းဆွဲကပ်ပြီး ဖိလစ်ပိုင် ရေယာဉ်ကို ဖိအားပေးရာကနေ တစ်ဖက်ကနေ ကန့်လန့်ဖြတ် ဝင်လာတဲ့ တရုတ်ရေတပ် စစ်သင်္ဘောကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ကြေညာချက်မှာတော့ ဖိလစ်ပိုင် ရေယာဉ်တစ်စီးဟာ သတိပေး ထုတ်ပြန်ချက်တွေကို လျစ်လျူရှုပြီး တရုတ်ထိန်းချုပ် ရေပြင်ဆီ ဝင်ရောက်လာတာကြောင့် နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေ၊ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တွေနဲ့အညီ ဖိအားပေး မောင်းထုတ်ခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်သင်္ဘောနှစ်စီး တိုက်မိတဲ့ အကြောင်းကိုတော့ တစ်စုံတရာ ရည်ညွှန်းထားတာ မတွေ့ရပါဘူး။

Public Service Announcement
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ကြေညာချက်မှာတော့ တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောရဲ့ ဦးခေါင်းပိုင်းက အတော်ကြီး သိသိသာသာ ပျက်စီးမှုတွေ ကြုံခဲ့ကြောင်း၊ ဖိလစ်ပိုင် ရေယာဉ်က အကူအညီ တစ်ခုခု ပေးရမလားဆိုပြီး ဆက်သွယ်ခဲ့တဲ့အခါ တရုတ်တွေက အကြောင်းမပြန်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ သင်္ဘောတွေ မတိုက်မိခင် တရုတ် ကမ်းခြေစောင့် သင်္ဘောက ဖိလစ်ပိုင် ရေယာဉ်ကို အားပြင်းတဲ့ မီးသတ်ပိုက်နဲ့လည်း လှမ်းထိုးခဲ့ပေမယ့် ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား ရေပိုင်နက် အငြင်းပွားမှုတွေ အပြင်းအထန် ဖြစ်ပေါ်နေတဲ့ နေရာပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ ရေကြောင်းသွားလာမှုတွေ အရှုပ်ထွေးဆုံး ရေပြင်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်က တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းအခုံတွေ ကြုံနေရတာပါ။
အရင်ကလည်း တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်တွေကြား တောင်တရုတ်ပင်လယ်ထဲမှာ ခဏခဏ ငြိခဲ့ဖူးသလို ရေယာဉ်ချင်း တိုက်မိတာတွေထိ ကြုံခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲ ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
တရုတ်သင်္ဘောတွေရဲ့ နှောင့်ယှက်မှုတွေ ရှိနေတဲ့တိုင်အောင် ဖိလစ်ပိုင်ကတော့ နိုင်ငံရဲ့ ကမ်းခြေစောင့်တပ် ရေယာဉ်တွေဟာ ပိုင်နက်အငြင်းပွားရာ ရေပြင်မှာ ဆက်ပြီး ကင်းလှည့်လှုပ်ရှားနေမယ်လို့ အတည်ပြုခဲ့ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်ခွင့်ကို မှန်မှန်ကန်ကန် ကာကွယ်ဖို့အတွက် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်တွေက ပုံမှန် ကင်းလှည့် ခုတ်မောင်းမှုတွေ ဆက်လုပ်နေမယ်လို့ ဖိလစ်ပိုင် အစိုးရ အရာရှိတွေက ပြောပါတယ်။
စကားဘရော့ ကျွန်းတန်းတွေ ဆိုတာက သန္တာကျောက်တန်းတွေနဲ့ ကျောက်ဆောင်တွေ တည်ရှိနေတဲ့ နေရာပါ။ မူလက ဖိလစ်ပိုင်က စကားဘရော့ကို ပိုင်နက်ရေပြင်အဖြစ် သတ်မှတ်ထားပေမယ့် ၂၀၁၂ မှာ တရုတ်ရေတပ်က အခြေစိုက် ထိန်းချုပ်လိုက်တဲ့နောက် အဲဒီနေရာဟာ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုတွေရဲ့ ဗဟိုချက် ရေပြင်လည်း ဖြစ်လာခဲ့ပါတယ်။
ကိုးကား: Guardian


















































