အမေရိကန် တက္ကသိုလ် တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လိမ်လည် သတင်းဖြန့်မှုအပေါ် တက္ကသိုလ် ဥက္ကဋ္ဌက အပြင်းအထန် ရှုတ်ချ ဝေဖန်ခဲ့ပါတယ်။
ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ထဲက ဗီလာနိုဗာ တက္ကသိုလ် ဝင်းထဲမှာ ဩဂုတ် ၂၁ ရက်နေ့တုန်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားနေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ကျောင်းသားတွေ၊ မိဘတွေ၊ ဝန်ထမ်းတွေအားလုံး စိုးရိမ်တကြီး ဖြစ်ခဲ့ကြပါတယ်။
ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း တက္ကသိုလ်ဝင်းထဲ ဝင်ရောက်ပြီး ပစ်ခတ်သူကို လိုက်လံ ရှာဖွေခဲ့ကြကြောင်း ပြောပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ သတင်းမှား သက်သက်ပဲဆိုတာ သိရှိလာပြီး ထိခိုက်ဒဏ်ရာရသူလည်း တစ်ဦးမှ မရှိခဲ့ပါဘူး။
တက္ကသိုလ် ဥက္ကဋ္ဌ ပီတာ ဒိုနိုဟူက တက္ကသိုလ်ဝင်းထဲမှာ လက်နက်တွေ ရှာတွေ့တာမျိုးလည်း မရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။ သူက ဒီလို သတင်းမှားမျိုးကို ဖြန့်ဝေတာဟာ ရက်စက် ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်တစ်ခုလို့လည်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
တက္ကသိုလ်ဝင်းထဲမှာ သေနတ်သမားတစ်ဦး ရောက်ရှိနေပြီး သူ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး တစ်ဦး ဒဏ်ရာရထားတယ်ဆိုတဲ့ ကြေညာချက်ဟာ ညနေပိုင်းလောက်ကစပြီး တက္ကသိုလ် ဝက်ဘ်ဆိုက်ပေါ် ရောက်လာခဲ့တာပါ။ အမည်မသိ သတင်းရင်းမြစ် တစ်ခုက အဲဒီသတင်း အချက်အလက်ကို ပေးပို့ခဲ့တာလို့ တက္ကသိုလ်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။ နောက်တော့ ရဲတွေကလည်း တက္ကသိုလ် ပရဝုဏ်ကို ပိတ်ဆို့ပြီး ရှာဖွေမှုတွေ လုပ်ခဲ့ရတာပါ။
အထူးသဖြင့် ဥပဒေကျောင်း တဝိုက်မှာ ရဲတွေနဲ့ မီးသတ်တွေ ဖြန့်ကျက် နေရာယူထားပြီး လက်ဖြောင့်တပ်သား စနိုက်ပါတွေကပါ အနီးတဝိုက် ခေါင်မိုးတွေမှာ နေရာယူထားခဲ့ပါတယ်။ ဒါပေမဲ့ မသင်္ကာစရာ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပါဘူး။
တကယ်တမ်း ဘာပြဿနာမှ မရှိခဲ့ဘူးဆိုတာ သတိပြုမိချိန်မှာ စိတ်သက်သာရာ ရမိပေမယ့် အခုဖြစ်ရပ်ကြောင့် တက္ကသိုလ် အသိုက်အဝန်း တစ်ခုလုံး တုန်လှုပ်ခဲ့ရကြောင်း ဒိုနိုဟူက ဆိုပါတယ်။ သူက တက္ကသိုလ်ဝင်းထဲ ရောက်ကာစ ပထမနှစ် ကျောင်းသားတွေ၊ ပြီးတဲ့ သူတို့ရဲ့ မိဘတွေကိုလည်း အိတ်ဖွင့်ပေးစာနဲ့ တောင်းပန်ခဲ့ပါတယ်။ မောင်မယ်သစ်လွင်တွေကို တက္ကသိုလ်က ကြိုဆိုချင်တာ ဒီလိုပုံစံနဲ့ မဟုတ်ဘူးလို့ သူက ရေးသားထားပါတယ်။
သတင်းမှားကို ဘယ်သူက စဖြန့်သလဲ ဆိုတာကို မသိရသေးဘဲ စုံစမ်းမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲပါ။ ရဲတွေကတော့ အဲဒီလက်သည် တရားခံကို ရှာဖွေပြီး တရားစွဲဆိုနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
သိပ်မကြာခင်ကလည်း တင်နက်ဆီ တက္ကသိုလ်မှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားနေကြောင်း သတင်းပေးမှုကြောင့် ရဲတွေက တက္ကသိုလ်ဝင်းကို ပိတ်ဆို့ ရှာဖွေခဲ့ပေမယ့် သံသယဖြစ်စရာ ဘာမှ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဖြစ်ရပ်နှစ်ခုကြား အဆက်အစပ် ရှိသလား ဆိုတာကိုတော့ မသိရသေးပါဘူး။
ရဲတွေကတော့ အဲဒီလိုမျိုး ပစ်ခတ်မှု၊ ဗုံးထောင်မှု သတင်းအမှားတွေ ပေးပို့တာဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တချို့ အခြေအနေတွေမှာတော့ ဒုစရိုက်ဂိုဏ်းတွေက ရဲတွေ အာရုံများအောင်၊ ဒါမှမဟုတ် တခြားတစ်နေရာရာ ရောက်နေအောင် ရည်ရွယ်ပြီး အဲဒီလို သတင်းမှားတွေ ပေးပို့တတ်တယ်လို့လည်း သိရပါတယ်။
ကိုးကား: CNN




















































