အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒပြ လူငယ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး နီပေါ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
နီပေါမှာ Facebookလို လူသုံးများတဲ့ လူမှုကွန်ရက် မီဒီယာတွေ အပါအဝင် အွန်လိုင်း ပလက်ဖောင်း ၂၆ ခုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစိုးရက ပိတ်ပင်လိုက်တဲ့နောက် လူငယ် အများစု ဦးဆောင်ပြီး မကျေမနပ် ဆန္ဒပြမှုတွေ စတင်လာခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့မှာတော့ မြို့တော် ခန္တမန္ဒူနဲ့ တခြားမြို့တချို့မှာ ဆန္ဒပြသူတွေကို ရဲတွေက ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေပါ အသုံးပြုပြီး ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့တာကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
မူလက လူမှုကွန်ရက်တွေ ပိတ်ပင်တာကို ဆန့်ကျင်ရုံသာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေကလည်း အစိုးရရဲ့ အဂတိ ကိစ္စတွေကို ရှုတ်ချတဲ့ လှုပ်ရှားမှု တစ်ခုအသွင် ပြောင်းလဲလာပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာတော့ အစိုးရဟာ Facebook၊ WhatsApp၊ YouTube၊ Xစတဲ့ လူမှုကွန်ရက် မီဒီယာတွေကို ပြည်တွင်းမှာ ပြန်လည် အသုံးပြုခွင့် ပေးခဲ့ပါတယ်။

Public Service Announcement
ခတ္တမန္ဒူမှာ ညမထွက်ရ အမိန့်နဲ့ လူစုလူဝေး ပြုလုပ်ခွင့် ပိတ်ပင်တဲ့ အမိန့်တွေ ထုတ်ပြန်ထားပေမယ့်လည်း ဆန္ဒပြပွဲတွေက စက်တင်ဘာ ၉ ရက်နေ့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ပြီးတော့ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ရဲတွေက ချထားတဲ့ စည်းရိုးတွေ၊ အတားအဆီးတွေကို ကျော်လွှားပြီး လွှတ်တော် အဆောက်အအုံကို မီးရှို့ခဲ့ပါတယ်။
ဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီး ဝန်ကြီးချုပ် ခက်ဒ်ဂါ ပရာဆက်ဒ် ရှာမာ အိုလီ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာပြီး စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ အိုလီက နုတ်ထွက်စာကို သမ္မတ ရမ်ချန်ဒရာ ပေါ်ဒဲလ်ဆီ တင်သွင်းခဲ့ပါတယ်။ ပဋိပက္ခတွေအတွင်း ဝန်ကြီးချုပ်ရဲ့ နေအိမ်လည်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်။ အခြေအနေတွေက အရမ်းတင်းမာနေတာကြောင့် နီပေါရဲ့ ထိပ်ပိုင်း နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။
အိုလီ နုတ်ထွက်ပြီးတဲ့နောက် သမ္မတ ပေါ်ဒဲလ်က ဆန္ဒပြ Gen Zလူငယ်ခေါင်းဆောင်တွေကို ညှိနှိုင်းဆွေးနွေးမှုတွေအတွက် ဖိတ်ခေါ်ထားပါတယ်။ ဆန္ဒပြ လူငယ်တွေက ရေပေါ်ဆီ နီပေါ နိုင်ငံရေးသမားတွေနဲ့ အစိုးရ အရာရှိတွေရဲ့ အဂတိ သတင်းတွေ လူမှုကွန်ရက်တွေမှာ မကြာခဏ ပေါက်ကြား ပျံ့နှံ့လေ့ ရှိတာကြောင့် အစိုးရက လူမှုကွန်ရက်တွေကို ပိတ်ပင်ဖို့ အားထုတ်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
ကိုးကား: Guardian





















































