ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဂါဇာစီးတီးရဲ့ လူနေဧရိယာထဲကို အစ္စရေး တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ခြေလျင်တပ်တွေ အင်အားအလုံးအရင်း စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။
ဂါဇာဒေသရဲ့ မြို့တော်ဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ နောက်ဆုံးလက်ကျန် အခြေစိုက် စခန်းဖြစ်တယ်လို့ အစ္စရေးက စွပ်စွဲပြီး အလုံးစုံ ထိန်းချုပ် သိမ်းယူသွားမယ်လို့ ကြေညာပြီး လနဲ့ချီ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုသီတင်းပတ်ထဲမှာတော့ အစ္စရေးစစ်တပ် (IDF)ဟာ ဂါဇာစီးတီးကို စတင် ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ အစ္စရေးရဲ့ တင့်ကားတွေ၊ အဆောက်အအုံဖျက် ဘူဒိုဇာ ယာဉ်ကြီးတွေ၊ သံချပ်ကာကားတွေဟာ ဂါဇာစီးတီး မြောက်ပိုင်းမှာရှိတဲ့ ရှိတ်ခ်ရက်ဒ်ဝမ် လူနေရပ်ကွက်ထဲ စတင် ဝင်ရောက်လာတာ တွေ့ခဲ့ရပါတယ်။
နောက်ပြီး အစ္စရေး တပ်တွေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆန်တွေ၊ ရှေ့တိုးချီတက်တဲ့ လမ်းကြောင်းကို ဖုံးကွယ်ဖို့ ပစ်လွှတ်ထားတဲ့ မီးခိုးဗုံးတွေကြောင့် အဲဒီနေရာမှာ မည်းနက်တဲ့ မီးခိုးလုံးတွေ ဖုံးလွှမ်းနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement
ရှိတ်ခ်ရက်ဒ်ဝမ်ဟာ ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ်ကြား စစ်ပွဲမစတင်ခင် ကတည်းက လူသိန်းနဲ့ချီ နေထိုင်ပြီး ဂါဇာစီးတီးရဲ့ လူဦးရေ အသိပ်သည်းဆုံး ရပ်ကွက်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။
အစ္စရေးရဲ့ ဂါဇာထိုးစစ်ကြီး စတင်တော့မယ့်အကြောင်း ကြေညာထားချိန် ကတည်းက မြို့ခံ လူဦးရေ သိန်းနဲ့ချီပြီး တောင်ဖက်ပိုင်း ဒေသတွေဆီ ထွက်ပြေး တိမ်းရှောင်သွားပေမယ့် မြို့ထဲမှာလည်း ပိတ်မိနေဆဲ သိန်းနဲ့ချီ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒီ ဒေသခံတွေဟာ စစ်ပွဲကာလ အစောပိုင်းတုန်းကလည်း အစုလိုက် စစ်ရှောင်ခဲ့ဖူးပြီး မြို့ထဲမှာ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ ပြန်လည် အခြေချနေတာပါ။ အဲဒီ ဒေသခံ ပါလက်စတိုင်းတွေက နောက်တစ်ခါ ထပ်ရွှေ့ဖို့ မတတ်နိုင်တော့ဘဲ ခြေကုန်လက်ပန်း ကျနေပြီလို့ ညည်းညူနေကြပါတယ်။
အစ္စရေးရဲ့ ထိုးစစ်အပေါ် နိုင်ငံတကာ အသိုက်အဝန်းက ပြစ်တင် ဝေဖန်မှုတွေ ရှိနေပေမယ့် အစ္စရေး အစိုးရကတော့ ဂါဇာစီးတီးမှာ ဟားမားစ်အဖွဲ့သား ထောင်နဲ့ချီ ခိုအောင်းနေဆဲဖြစ်ပြီး သူတို့ကို ချေမှုန်းနိုင်မှသာ ဟားမားစ်တွေ လက်ထဲက အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ချက် ရှိလိမ့်မယ်လို့ အကြောင်းပြပြီး ထိုးစစ်ကို အစပြုစေခဲ့တာ ဖြစ်ပါတယ်။
Save the Childrenနဲ့ Oxfamတို့ အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာမှု အထောက်အပံ့ အဖွဲ့အစည်း ၂၀ ကျော်လောက်ကတော့ အစ္စရေး ထိုးစစ်ကြောင့် ဂါဇာစီးတီးမှာ ကြုံလာမယ့် အခြေအနေဆိုးတွေဟာ မတွေးရဲလောက်စရာ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ရှိတ်ခ်ရက်ဒ်ဝမ် ရပ်ကွက်ထဲမှာတော့ ဒေသခံတွေဟာ အစ္စရေး တိုက်လေယာဉ်တွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီး ခြေလျင်တပ်တွေ အလုံးအရင်း စတင် ဝင်ရောက်လာတဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ပြီးတော့ IDF ချီတက်မယ့် လမ်းကြောင်းတလျှောက်တွေမှာ အစ္စရေး ဒရုန်းတွေက ရှင်းလင်းရေးတွေ ကြိုတင် လုပ်ဆောင်ထားပါတယ်။ ထွက်ပြေးလာသူ တစ်ဦးက အဲဒီဒရုန်းတွေဟာ ဘာမှကို ချန်မထားဘဲ အကုန်လုံးကို ပစ်ခတ်လေ့ရှိကြောင်း၊ ဆိုလာပြားတွေ၊ မီးစက်တွေ၊ ရေတိုင်ကီတွေနဲ့ ယုတ်စွအဆုံး အင်တာနက် ကြိုးလိုင်းတွေကိုပါ ဖျက်ဆီးသွားလေ့ရှိကြောင်း ပြောပါတယ်။ ဂါဇာစီးတီးမှာ ဆက်နေဖို့ ဆိုတာက မဖြစ်နိုင်တော့လောက်အောင် အန္တရာယ် ကြီးလာတာကြောင့်လည်း သူက မိသားစုနဲ့အတူ ထွက်ပြေးခဲ့ရတာ ဖြစ်တယ်လို့ အဲဒီ ပါလက်စတိုင်း စစ်ရှောင်က ဆိုပါတယ်။
ဂါဇာစီးတီး မြောက်ပိုင်းကို အစ္စရေးတင့်ကားတွေ စတင်ဝင်ရောက်လာပြီဆိုတဲ့ သတင်းဟာ မြို့ရဲ့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ နေထိုင်နေကြဆဲ ဒေသခံတွေကို အထူး အထိတ်တလန့် ဖြစ်စေပါတယ်။ အထူးသဖြင့် အရင်က အစ္စရေးရဲ့ ကျူးကျော်မှုတွေမှာ တင့်ကားကြီးတွေ ဝင်ရောက်ပြီးရင် တစ်ရပ်ကွက်လုံး ပြားပြားဝပ်ပြီး ကျန်ခဲ့တဲ့အထိ ဖျက်ဆီးခံရတဲ့ အတိတ်ဟောင်းတွေကလည်း ဒေသခံတွေကို ပြန်လည် ခြောက်လှန့်နေပါတယ်။
နောက်ပြီး အခု စစ်ဆင်ရေးမှာလည်း အစ္စရေးဟာ မြို့ထဲမှာ အတော်ကြီး ပြင်းပြင်းထန်ထန် ဖျက်ဆီးမှုတွေ လုပ်ဆောင်မယ့် ရည်ရွယ်ချက်မျိုးကို ကြိုတင် ပြောဆိုထားပြီးသားပါ။ IDFဟာ စစ်သုံးယာဉ် အဟောင်းတွေကို ဖောက်ခွဲရေး ပစ္စည်းတွေတင်ပြီး အဝေးထိန်း စနစ်နဲ့ ထိန်းချုပ်နိုင်တဲ့ ဖောက်ခွဲရေး ဒရုန်း အကြီးစားတွေအဖြစ် ပြောင်းလဲပြီး ဟားမားစ်ရဲ့ စစ်ရေး အခြေစိုက် နေရာတွေကို အတင်းဝင်တိုက်တဲ့ နည်းမျိုးကို ဒီစစ်ဆင်ရေးမှာ အသုံးပြုမယ်လို့လည်း အတည်ပြုထားပါတယ်။
ကိုးကား: BBC




















































