Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘူအာလွိုင် မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ အသေအပျောက် ထပ်တိုးလာ

အပူပိုင်းမုန်တိုင်း ဘူအာလွိုင်ကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ဦးရေဟာ ၁၁ ယောက်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အပူပိုင်းမုန်တိုင်း ဘူအာလွိုင်ကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ဦးရေဟာ ၁၁ ယောက်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဘူအာလွိုင်ဟာ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇုန်ကို ကန့်လန့်ဖြတ် တိုက်ခတ်ပြီး အခုအခါ ဗီယက်နမ် အလယ်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၄၀၀၀၀၀ ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသလို မုန်တိုင်း ဖြတ်သန်းချိန်မှာ ရေကြီးတာ၊ မြေပြိုတာ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲတာမျိုး အခြေအနေတွေကို ကြုံခဲ့ရပါတယ်။

အစောပိုင်းတုန်းက မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပေမယ့် စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ အဲဒီ အရေအတွက်ဟာ ၁၁ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်ရဲ့ ကျွန်းငယ်လေး တစ်ခုဖြစ်တဲ့ ဘီလီရန်ကတော့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရတဲ့ ဧရိယာ ဖြစ်လာပြီး ၈ ဦးသေဆုံးသလို နောက်ထပ် ၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

မုန်တိုင်းကြောင့် ကျွန်းအနှံ့ ရေတွေကြီးခဲ့ပြီး တချို့လမ်းတွေဟာ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းထိ ရေဖုံးနေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။

ဖိလစ်ပိုင် အလယ်ပိုင်းမှာတော့ လူ ၁၄ ဦးထက်မနည်း ပျောက်ဆုံးနေဆဲလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေကတော့ နောက်ထပ် အသေအပျောက် ကိန်းဂဏန်းတွေ မြင့်တက်လာမှာကို စိုးရိမ်နေပါတယ်။

ဘူအာလွိုင်ဟာ အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ဖူးသမျှ အင်အား အပြင်းဆုံး မုန်တိုင်းအနေနဲ့ မှတ်တမ်းဝင်ခဲ့တဲ့ စူပါတိုင်ဖွန်း ရာဂါဆာအပြီး ရှေ့ဆင့်နောက်ဆင့်အဖြစ် ဖိလစ်ပိုင်ကို ဖြတ်သန်းခဲ့တာပါ။ ရာဆာဂါက ဖိလစ်ပိုင် မြောက်ပိုင်း လူနေကျဲပါးရာ ကျွန်းတွေကိုသာ ဖြတ်ကျော်ခဲ့ပေမယ့် ဘူအာလွိုင်ကတော့ လူနေသိပ်သည်းတဲ့ အလယ်ပိုင်း ဒေသတွေကို ဖြတ်သန်းသွားခဲ့တာ ဖြစ်ပါတယ်။

ဘူအာလွိုင်ဟာ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းလောက်မှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို အရှေ့ဖက် ကမ်းရိုးတန်းကနေ ကုန်းတွင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။ ပြီးရင်တော့ လာအိုနိုင်ငံကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ အရှေ့ဖက်စွန်းနားထိ လေဖိအားနည်း ရပ်ဝန်းငယ်အဖြစ် ဆက်လက်ရွေ့လျားပြီးမှ ပျက်ပြယ်သွားမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုင်ဖွန်းရာသီတွေရောက်တိုင်း ပျမ်းမျှ တစ်နှစ်ကို မုန်တိုင်း ၂၀ လောက်နဲ့ ကြုံနေကျ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပူနွေး ဖောက်ပြန်လာခြင်းနဲ့အတူ မုန်တိုင်းတွေရဲ့ ဖျက်ဆီးအားက ပိုမို ကြမ်းတမ်း ပြင်းထန် လာနေတယ်လို့လည်း သိပ္ပံ ပညာရှင်တွေက သတိပေးထားပါတယ်။

ဖိလစ်ပိုင်မှာ ရေဘေး ထိန်းချုပ်ရေး ပရောဂျက်အတွက် ဒေါ်လာ ဘီလီယံတွေနဲ့ချီ များပြားတဲ့ ရန်ပုံငွေတွေကို လွှတ်တော် အမတ်တွေနဲ့ အစိုးရ ဝန်ထမ်းတွေက အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လူထုက အကြီးအကျယ် ဒေါသထွက်နေတဲ့ အချိန်မှာပဲ အခုလိုမျိုး မုန်တိုင်းတွေ ဆက်တိုက် တိုက်ခတ်နေတာလည်း ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။