Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ အနည်းဆုံး ၈ ဦးသေ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဘူအာလွိုင်ဟာ အစောပိုင်းတုန်းက ဖိလစ်ပိုင်နိုင်ငံမှာလည်း ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့နောက် စက်တင်ဘာ ၂၉ ရက်နေ့မှာ ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းကို အရှေ့ဖက် ကမ်းခြေကနေ စတင်ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မုန်တိုင်းဟာ ဗီယက်နမ် ပိုင်နက်ကို ကျော်လွန်ပြီး ကုန်းပိုင်နိုင်ငံ လာအို ပိုင်နက်ထဲ ဝင်ရောက်နေပါတယ်။

ဘူအာလွိုင်ဟာ အပူပိုင်း မုန်တိုင်းငယ် အဆင့်ကနေ တိုင်ဖွန်းအဖြစ် အားကောင်းလာပြီး ဗီယက်နမ်ကို ဖြတ်သန်းခဲ့တာပါ။ မုန်တိုင်းကြောင့် ဗီယက်နမ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ လေပြင်းတိုက်ခတ်တွေ ဖြစ်ပေါ်ခဲ့သလို တချို့ ကမ်းခြေတွေမှာလည်း ၈ မီတာလောက်ထိ မြင့်တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် အသေအပျောက် ၈ ဦးထိ စာရင်းရာထားပြီး ကွမ်ထရီ ပြည်နယ်ထဲမှာတော့ တံငါသည် ၁၇ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကတော့ ရေနစ်လို့၊ အပျက်အစီးတွေပိလို့၊ သစ်ပင်ပိလို့ စတာတွေကြောင့် ဖြစ်ပါတယ်။

ဘူအာလွိုင်ဟာ ဗီယက်နမ် ကမ်းခြေကို စတင် ဝင်ရောက်ချိန်တုန်းက တစ်နာရီ ၁၁၇ ကီလိုမီတာနှုန်းလောက် လေတိုက်အား ရှိခဲ့ပေမယ့် အခုတော့ တစ်နာရီကို ၇၄ ကီလိုမီတာနှုန်းလောက်ထိ အားပျော့သွားပြီ ဖြစ်ပါတယ်။ မုန်တိုင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာ အိမ်ခြေ ၃၀၀ လောက် အပျက်အစီးတွေ ရှိခဲ့ပေမယ့် အရမ်းဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးမှုတွေတော့ မကြုံခဲ့ရပါဘူး။ မုန်တိုင်း မဝင်ရောက်ခင် ကတည်းက အန္တရာယ်ဇုန်တွေမှာ နေထိုင်သူ ၃ သောင်းနီးပါးလောက်ကို ကြိုတင် ရွှေ့ပြောင်းထားခဲ့သလို လေယာဉ် ခရီးစဉ် အများအပြားကိုလည်း ရွှေ့ဆိုင်းထားစေခဲ့ရပါတယ်။

မုန်တိုင်းကြောင့် စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက ဗီယက်နမ် နိုင်ငံရဲ့ တချို့ ဒေသတွေမှာ မိုးရေချိန် ၅၀၀ မီလီမီတာလောက်ထိ ရွာသွန်းခဲ့တယ်လို့လည်း သိရပါတယ်။

ဘူအာလွိုင်ဟာ အစောပိုင်းက ဖိလစ်ပိုင် နိုင်ငံကိုလည်း ဖြတ်သန်း တိုက်ခတ်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ဗီယက်နမ်ဟာ တောင်တရုတ် ပင်လယ်နဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းမျိုး ထိစပ်နေပြီး နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းတွေ ဝင်ရောက်မှုဒဏ်ကို ကြုံတွေ့ ခံစားရလေ့ ရှိပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း ဗီယက်နမ်မှာ သဘာဝ ဘေးတွေကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့သူ အရေအတွက်ကလည်း ၁၇၅ ဦးထက်မနည်း ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။