ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍအပေါ် နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ယုံကြည်မှုဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ဆက်တိုက် ကျဆင်းနေတယ်လို့ ထိုင်းကမ္ဘာလှည့် ခရီးသွား ကောင်စီက သတိပေးခဲ့ပါတယ်။
ကမ္ဘာလှည့် ခရီးသွား ညွှန်ကိန်းဆိုင်ရာ စစ်တမ်းမှာ အမှတ် ၁၀၀ သတ်မှတ်ပေးထားတဲ့ထဲက ထိုင်းဟာ ၂၀၂၅ ခုနှစ်၊ တတိယ သုံးလပတ်မှာတော့ တစ်နိုင်ငံလုံးစာ ပျမ်းမျှ ရမှတ်က ၆၆ မှတ်သာ ရရှိထားတယ်လို့ ကောင်စီက ပြောပါတယ်။ ၂၀၂၄ ခုနှစ်၊ တတိယ သုံးလပတ်တုန်းက ထိုင်းနိုင်ငံ ရထားတဲ့ အမှတ်က ၇၀ ဖြစ်ပါတယ်။
ကောင်စီဟာ အဲဒီ ညွှန်ကိန်းတွေကို ထုတ်ပြန်ဖို့အတွက် ဩဂုတ် ၁၅ ရက်ကနေ စက်တင်ဘာ ၁၆ ရက်နေ့ထိ အတောအတွင်း နိုင်ငံခြား ဧည့်သည် ၃၁၀၊ ထိုင်းခရီးသွား ၄၅၀ နဲ့ ခရီးသွားလုပ်ငန်းရှင် ၇၄၀ တို့ရဲ့ သဘောထား အမြင်တွေကို စစ်တမ်း ကောက်ယူ ပြုစုခဲ့ပါတယ်။
အမြင်စစ်တမ်းမှာတော့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးလာတာ၊ ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့တာ၊ တရုတ် ခရီးသွား ဧည့်သည်တွေ ဝင်ရောက်မှု ကျဆင်းလာတာ၊ ဘတ်ငွေတန်ဖိုး မတည်ငြိမ်တာတွေက ညွှန်ကိန်းရမှတ်တွေ အနုတ်လက္ခဏာ ပြသွားစေတဲ့ အဓိက အကြောင်းရင်းတွေအဖြစ် မှတ်ချက် ပေးထားကြတာ တွေ့ရပါတယ်။

Public Service Announcement
ဇူလိုင်လတုန်းကထိ အခြေအနေအရ ထိုင်းမှာ အခုနှစ်အတွင်း နိုင်ငံခြားသား ၃၃.၃ သန်း ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားဖူးပေမယ့် အခုတော့ ၃၃.၁ သန်းကို လျှော့ချ သတ်မှတ်ထားလိုက်ကြောင်း ကောင်စီက ဆိုပါတယ်။ ဒါဟာ မနှစ်က ခန့်မှန်းချက်နဲ့ယှဉ်ရင် ၆.၇ ရာခိုင်နှုန်း ကျသွားတာပါ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မစတင်ခင် ၂၀၁၉ တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ၁၇ ရာခိုင်နှုန်းထိ လျော့သွားမယ့် အဓိပ္ပါယ်ပါပဲ။ ၂၀၁၉ ဟာ ထိုင်းကို နိုင်ငံခြားသားတွေ ဝင်ရောက်မှု အမြင့်ဆုံး ကာလအပိုင်းအခြား ဖြစ်ခဲ့ပါတယ်။
မနှစ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းရဲ့ ဒေသကြီး ၇ ခုမှာ ကမ္ဘာလှည့် ခရီးသွား ဝန်ဆောင်မှု ကဏ္ဍအပေါ် ခရီးသွား ဧည့်သည်တွေရဲ့ ယုံကြည်မှု ကျဆင်းလာတာ တွေ့ရတယ်လို့ ကောင်စီက ဆိုပါတယ်။ ဒါ့အပြင် ထိုင်းခရီးသွားတွေထဲက စစ်တမ်း ဖြေဆိုသူ ၁၅ ရာခိုင်နှုန်းက အခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်ကျရင် ပြည်ပခရီးပဲ သွားတော့မယ်လို့ ပြောခဲ့ပြီး အဲဒီဖြေဆိုသူတွေထဲက ၁၈ ရာခိုင်နှုန်းစီက သူတို့သွားလိုတဲ့ နိုင်ငံတွေအဖြစ် တရုတ်နဲ့ ဗီယက်နမ်တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့ ဂျပန်ကို သွားချင်တယ်လို့ ဖြေခဲ့ကြပါတယ်။
စစ်တမ်းဖြေဆိုသူတွေရဲ့ သဘောထားအရ ညွှန်ကိန်းရမှတ် အဆိုးဆုံး ကျသွားတာက မြို့တော် ဘန်ကောက်ဖြစ်ပြီး အရင်က ၈၃ မှတ်ရခဲ့ရာကနေ တတိယ သုံးလပတ်မှာတော့ ၆၈ မှတ်ထိ ထိုးဆင်းသွားကြောင်းလည်း သိရပါတယ်။
အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အမေရိကန်တို့လို ဒေသတွေဆီက ခရီးသွား ဧည့်သည်တွေ ပုံမှန် လာရောက် လည်ပတ်မှုကို ထိန်းသိမ်းထားဖို့ ထိုင်းအနေနဲ့ ပိုမို အားထုတ်ဖို့ လိုအပ်နေကြောင်း စျေးကွက် ကျွမ်းကျင်သူတွေက ထောက်ပြထားပြီး တစ်ဖက်မှာတော့ လုံခြုံရေး စိတ်မချရမှုတွေကြောင့် တရုတ် ခရီးသွားဦးရေကတော့ သိသိသာသာ လျော့ကျနေတယ်လို့ ဆိုပါတယ်။ နယ်စပ် အခြေစိုက် နိုင်ငံတကာ ဒုစရိုက် ဂိုဏ်းတွေက ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားတွေကို လူမှောင်ခိုမှုအတွက် ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းတွေကလည်း တရုတ်နိုင်ငံသားတွေ လာရောက်မှုကို သိသိသာသာ ထိခိုက် ကျဆင်းစေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Bangkok Post





















































