Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ J-35 က ကိုယ်ပျောက်စွမ်းရည် အမြင့်ဆုံး တိုက်လေယာဉ်လား

တရုတ်ရဲ့ နောက်ဆုံး မျိုးဆက် တိုက်လေယာဉ်အသစ် J-35ရဲ့ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ဟာ အံ့မခန်း အဆင့်မျိုးကို ရောက်ရှိနေပြီလို့ တရုတ် အစိုးရ မီဒီယာက ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ - China Daily

စက်တင်ဘာ – ၃၀ ၊၂၀၂၅

တရုတ်ရဲ့ နောက်ဆုံး မျိုးဆက် တိုက်လေယာဉ်အသစ် J-35ရဲ့ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ဟာ အံ့မခန်း အဆင့်မျိုးကို ရောက်ရှိနေပြီလို့ တရုတ် အစိုးရ မီဒီယာက ကြွေးကြော်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေ စတင် တီထွင် ထုတ်လုပ်လာချိန် ကတည်းက မျိုးဆက် အဆင့်ဆင့် ကူးပြောင်းခဲ့ရာမှာ လက်ရှိ ခေတ်အမီဆုံးက ပဉ္စမမျိုးဆက် ဖြစ်လာပါပြီ။

အဲဒီ တိုက်လေယာဉ်တွေရဲ့ အထူးခြားဆုံး ဝိသေသကတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပါဝင်တာပါပဲ။ ဒီနေရာမှာ သတိထားသင့်တဲ့ အချက်တစ်ခုက အဲဒီလေယာဉ်တွေဟာ ရေဒါပေါ်မှာ လုံးဝ ပျောက်နေတာ မဟုတ်ဘူး ဆိုတာပါ။ အဲဒီအစား ရေဒါရဲ့ ထောက်လှမ်းမှုမှာ အရမ်းသေးငယ်တဲ့ အရာဝတ္ထု တစ်ခုအဆင့်လောက်ထိ ဖြစ်နေအောင် ဒီဇိုင်းထုတ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တွေကို ရေဒါလှိုင်းက ဖြတ်သန်းသွားတဲ့အခါ ပဲ့တင်ရိုက်ခတ်ပြီး ဖမ်းယူသိရှိတာမျိုးကို radar cross section (RCS)လို့ ခေါ်ပါတယ်။ လေထဲမှာ ပျံသန်းနေတဲ့ အရာက ကြီးလေလေ၊ RCSက ကြီးလေလေ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ဆိုတာက အင်မတန် သေးငယ်တဲ့ RCSမျိုးသာ ထောက်လှမ်း သိရှိနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ လှည့်စား တည်ဆောက်ထားတဲ့ တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ထိရောက်တဲ့ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်ထားပြီး လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်ထိ ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ် ၅ မျိုးသာရှိပြီး တရုတ်နဲ့ အမေရိကန်တို့က ၂ မျိုးစီ ပိုင်ဆိုင်ထားကြပါတယ်။

တရုတ် အစိုးရ သတင်းဌာန CCTVရဲ့ ဖော်ပြချက်မှာတော့ တရုတ်ရဲ့ နောက်ဆုံးထုတ် J-35 တိုက်လေယာဉ်ဟာ RCS အရမ်းသေးငယ်တာကြောင့် လေယာဉ်ကြီး တစ်စီးလုံးရဲ့ ရေဒါပေါ်မှာ ပေါ်တဲ့ RCS ပမာဏဟာ လူ့လက်ဖဝါးလေး တစ်ဖက်စာလောက်သာ ဖြစ်မယ်လို့ ပါရှိခဲ့ပါတယ်။

တစ်နည်းအားဖြင့် ငှက်တစ်ကောင်က ထုတ်လွှတ်တဲ့ RCSထက်တောင် ပိုသေးပါတယ်။ ဒါကြောင့် ရေဒါတွေက J-35ကို မတော်တဆ ထောက်လှမ်းမိရင်တောင်မှ လေယာဉ်တစ်စီးထက် ငှက်တစ်ကောင်လို့ပဲ အကဲဖြတ်မိမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ထူးကဲဆန်းကြယ်တဲ့ ကိုယ်ထည်ဒီဇိုင်း တည်ဆောက်ပုံရယ်၊ ကိုယ်ပျောက်နည်းပညာအတွက် တရုတ် လေကြောင်း အင်ဂျင်နီယာတွေရဲ့ ရုပ်ဝတ္ထုပစ္စည်း ရွေးချယ် ပေါင်းစပ်မှုတွေရယ်ကြောင့် J-35ဟာ အင်မတန် အစွမ်းထက်တဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တစ်စီး ဖြစ်လာခဲ့ကြောင်း CCTVက ဆိုပါတယ်။

အင်မတန် အားကောင်းတဲ့ ရေဒါတွေမှာတောင် J-35ရဲ့ RCSဟာ အလွန်ဆုံး လက်တစ်ဖဝါးစာလောက်သာ ပေါ်နိုင်တယ်လို့လည်း CCTVက ညွှန်းဆိုထားပါတယ်။

J-20တွေပြီးရင် တရုတ်ရဲ့ ဒုတိယမြောက် ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ် အနေနဲ့ မိတ်ဆက်ခဲ့သလို လေယာဉ်တင် သင်္ဘောတွေမှာပါ အခြေစိုက်နိုင်အောင် ရည်ရွယ် တည်ဆောက်ထားတဲ့ J-35ရဲ့ RCS ပမာဏကိုတော့ တရုတ်စစ်တပ်က တိတိကျကျ မကြေညာထားပါဘူး။

ဒါပေမဲ့ CCTVကတော့ J-35ရဲ့ RCSဟာ ၁၀ ကနေ ၁၀၀ စတုရန်း စင်တီမီတာကြားထိ ရှိနိုင်တယ်လို့ အရိပ်အမြွက် ပြောသွားပါတယ်။ ဒီနေရာမှာ နှိုင်းယှဉ်ကြည့်ရမှာက ပြိုင်ဘက် အမေရိကန်ရဲ့ ထိပ်တန်း တိုက်လေယာဉ် F-35ရဲ့ RCSပါပဲ။ F-35မှာ RCSက ၁၅ စတုရန်း စင်တီမီတာလို့ ပြောပါတယ်။ တစ်နည်းအားဖြင့် ရေဒါပေါ်မှာ ဂေါက်သီးဘောလုံးလေး တစ်လုံးစာလောက်ပဲ ပေါ်နိုင်တဲ့ သဘောပါ။

အိန္ဒိယ စစ်ရေး သုတေသန ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Indian Defence Research Wingက တရုတ်ရဲ့ ပထမဆုံး ကိုယ်ပျောက် တိုက်လေယာဉ် J-20ဟာ ၁၀၀ ကနေ ၁၀၀၀ စတုရန်း စင်တီမီတာကြား RCSမျိုးလောက် ရှိလိမ့်မယ်လို့ ပြောပါတယ်။

မြင်သာအောင် နှိုင်းယှဉ်ပြရမယ်ဆိုရင် စတုတ္ထမျိုးဆက် အမေရိကန် တိုက်လေယာဉ်တွေထဲမှာ F-16တွေက RCS ၅ စတုရန်းမီတာလောက်ရှိပြီး F-15တွေကတော့ ၂၅ စတုရန်းမီတာလောက်ထိ ကြီးမားပါတယ်။ တစ်နည်းအားဖြင့် အဲဒီလေယာဉ်တွေ ချဉ်းကပ်ဝင်ရောက်လာတာကို ရန်သူ့ရေဒါတွေက ခပ်မြန်မြန်ပဲ ထောက်လှမ်းမိမယ့် သဘောပါ။

ကမ္ဘာပေါ်မှာ ကိုယ်ပျောက်စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန်ရဲ့ F-22ကတော့ RCS ၁ စတုရန်း စင်တီမီတာ အောက်လောက်မှာပဲ ရှိမယ်လို့ ယုံကြည်ရပါတယ်။ ဒါက ကျောက်စရစ်ခဲ အသေးစားလေးလောက် အတိုင်းအတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် F-22တွေ ပျံသန်းရင် ရေဒါနဲ့ ထောက်လှမ်း သိရှိဖို့ လုံးဝ မဖြစ်နိုင်သလောက်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

တရုတ် လူမှုကွန်ရက် သုံးစွဲသူ တချို့ကတော့ J-35တွေဟာ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ကိုယ်ပျောက် စွမ်းရည်မှာ ယှဉ်နိုင်တယ်လို့ ကြွေးကြော်နေပေမယ့် တိကျတဲ့ အချက်အလက်တွေနဲ့ တိုင်းတာဖို့တော့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် တရုတ်ရော၊ အမေရိကန်ပါ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ နည်းပညာပိုင်းကို အများကြီး ဖုံးဖိ သိုဝှက်ထားလေ့ ရှိတာကြောင့်ပါ။

တရုတ်ဟာ J-35တွေရဲ့ ပထမဆုံး မျိုးကွဲအဖြစ် J-35Aကို မနှစ်က ဇူဟိုင် လေကြောင်းပြပွဲမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ နောက်တော့မှ J-35က ရေတပ်မှာပါ အသုံးပြုနိုင်တဲ့ မူကွဲအဖြစ် ထွက်ပေါ်လာပါတယ်။ J-35ရော၊ J-35Aမှာပါ အရမ်း အစွမ်းထက်တဲ့ ကိုယ်ပျောက်စွမ်းရည်မျိုး ပိုင်ဆိုင်ထားတယ်လို့ CCTVက ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်နေ့တုန်းက ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ တရုတ်ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲတွေမှာတော့ အဲဒီ တိုက်လေယာဉ် နှစ်မျိုးက ပါဝင် အင်အားပြ ပျံသန်းခဲ့ပါတယ်။

CCTVဟာ အရင်ကလည်း J-35Aကို ကမ္ဘာပေါ်မှာ ကိုယ်ပျောက်စွမ်းရည် အကောင်းဆုံး ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်လို့ ရည်ညွှန်းခဲ့ဖူးပါတယ်။ စက်တင်ဘာ လဆန်းပိုင်းလောက်မှာတော့ J-35ဟာ တရုတ် ရေတပ် လေယာဉ်တင် သင်္ဘောပေါ် အခြေစိုက်ပြီး အဆင်းအတက်လုပ်တဲ့ လေ့ကျင့်မှုတွေကို အောင်အောင်မြင်မြင် ပြီးမြောက်စေခဲ့ပါတယ်။ ဒါကြောင့်လည်း J-35ဟာ ကိုယ်ပျောက် နည်းပညာ ပိုင်ဆိုင်တဲ့ တိုက်လေယာဉ်တွေထဲမှာ လေယာဉ်တင် သင်္ဘော အခြေစိုက် လှုပ်ရှားနိုင်တဲ့ ဒုတိယမြောက် အမျိုးအစားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ပထမဆုံး တစ်မျိုးကတော့ အမေရိကန်ရဲ့ F-35တွေထဲက F-35Bနဲ့ F-35Cတို့ပဲ ဖြစ်ပါတယ်။ CCTVရဲ့ အဆိုအရ J-35တွေဟာ တန် ၃၀ လောက် အလေးချိန်ရှိပြီး ရေတပ်မှာ J-15Tလို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေနဲ့ ပူးတွဲ တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

တရုတ်ရေတပ်ဟာ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်လာမယ့် ဖူကျန်းကို ပင်လယ်ပြင် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး မကြာခင် တပ်တော်ဝင်စေမယ်လို့ ယုံကြည်ရပါတယ်။

တရုတ်ရေတပ်ရဲ့ အကြီးဆုံး စစ်သင်္ဘော ဖြစ်လာမယ့် ဖူကျန်းနဲ့အတူ J-35တွေရဲ့ လက်တွေ့ စစ်ဆင် လှုပ်ရှားမှုတွေကလည်း ပိုမို ကျယ်ပြန့်လာမှာဖြစ်ပြီး အဲဒီ တိုက်လေယာဉ်တွေဟာ ညွှန်းထားသလောက် တကယ်စွမ်းမစွမ်း ဆိုတာကို အမေရိကန် အပါအဝင် တရုတ်ရဲ့ ပြိုင်ဘက်တွေကလည်း အကဲခတ် စောင့်ကြည့်နေကြမှာ အသေအချာပါပဲ။

ကိုးကား – SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။