Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မနှစ်က အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ်ကို ရုရှားက မှားယွင်းပစ်ချခဲ့တယ်လို့ ပူတင် ဝန်ခံ

မနှစ်တုန်းက အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၄၀ နီးပါး သေဆုံးခဲ့တာဟာ ရုရှားစစ်တပ်ရဲ့ အမှားကြောင့်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

မနှစ်တုန်းက အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၄၀ နီးပါး သေဆုံးခဲ့တာဟာ ရုရှားစစ်တပ်ရဲ့ အမှားကြောင့်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဒါဟာ အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျပြီး ၃၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရုရှားဖက်က ပထမဆုံးအကြိမ် တာဝန်ယူ ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ရုရှားဟာ အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးစားမှုရဲ့ အစိတ်အပိုင်းအဖြစ် အခုလို ဝန်ခံခဲ့တာလို့ နိုင်ငံတကာရေးရာ အကဲခတ်တွေက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ ပူတင်က ဝန်ခံခဲ့ရာမှာ အဲဒီ လေယာဉ်ကို ရုရှား လေကြောင်းကာကွယ်ရေး စနစ်က ယူကရိန်း ဒရုန်းတစ်စီးလို့ မှားယွင်းယူဆပြီး ပစ်ချမိခဲ့ကြောင်း အတည်ပြုထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တုန်းက အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ဘာကူမြို့ကနေ ပျံတက်လာပြီးနောက် ရုရှားရဲ့ ချေချင်းညာ ဒေသထဲက ဂရော့ဇ်နီမြို့မှာ ဆင်းသက်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ လေယာဉ် ကိုယ်ထည်နားမှာ ဒုံးကျည်တွေ ပေါက်ကွဲရာက ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့အတွက် လမ်းကြောင်းပြောင်း ပျံသန်းပြီး ကာဇက်စတန် အနောက်ပိုင်းမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။ လေယာဉ် ဆင်းသက်ချိန်မှာ ပျက်ကျမှု ဖြစ်ရာက စုစုပေါင်း လိုက်ပါလာသူ ၆၇ ယောက်ထဲက ၃၈ ဦးထိ သေဆုံးခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဇာဘိုင်ဂျန် အာဏာပိုင်တွေက လေယာဉ်ကို ရုရှားက မှားယွင်း ပစ်ချခဲ့မိတာလို့ စွပ်စွဲခဲ့ပေမယ့် ရုရှားက တရားဝင် ဝန်မခံခဲ့ပါဘူး။ အောက်တိုဘာ ၉ ရက်နေ့ကျမှသာ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်နဲ့ တွေ့ဆုံချိန်မှာ ပူတင်က အခုလို ထုတ်ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကာဂျစ်ကစ္စတန် နိုင်ငံရဲ့ မြို့တော် ဒူရှန်ဘီမှာ အစည်းအဝေး တစ်ခုကို တက်ရောက်ရင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ပူတင်က အဲဒီ အမှားအယွင်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူပါ့မယ်လို့လည်း အလီယက်ဗ်ကို အာမခံခဲ့ပါတယ်။ လေယာဉ်ကို မှားယွင်း ပစ်ချခဲ့တဲ့ ကာလဟာ ချေချင်းညာ တဝိုက်မှာ ယူကရိန်းရဲ့ ဒရုန်းတွေ မကြာခဏ ဝင်ရောက်ပျံသန်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နေခဲ့တယ်လို့ သိရပါတယ်။

အဇာဘိုင်ဂျန်နဲ့ ရုရှားတို့ဟာ အရင်က အထိုက်အလျောက် နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့်လည်း လေယာဉ်ပျက်ကျမှု အပြီးမှာတော့ နှစ်ဖက်ကြား ခပ်တန်းတန်း ဖြစ်သွားခဲ့ပါတယ်။

ပူတင်ရဲ့ အဆိုအရ ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေရဲ့ အမှားကြောင့် ခရီးသည်တင် လေယာဉ်ကို ရန်သူပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း၊ ဒုံးကျည် နှစ်စီးဟာ ခရီးသည်တင် လေယာဉ်နဲ့ ၁၀ မီတာလောက် အဝေးမှာ ပေါက်ကွဲခဲ့ကြကြောင်း သိရပါတယ်။ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ဥပဒေကြောင်းအရ လိုအပ်တဲ့ ဖြေရှင်းမှုတွေကိုရော၊ နစ်နာကြေး ကိစ္စတွေကိုပါ ရုရှားဖက်က အပြည့်အဝ တာဝန်ယူပေးမယ်လို့လည်း ပူတင်က ကမ်းလှမ်းခဲ့ပါတယ်။

သူက နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေတာကို ဖြေလျှော့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ဖို့ လိုလားတယ်လို့လည်း ပြောပါတယ်။ အလီယက်ဗ်ကလည်း လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ရုရှားရဲ့ ရိုးသားမှန်ကန်တဲ့ စုံစမ်းမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပူတင်ကို အသိပေးခဲ့ပါတယ်။

ပြီးတော့ နှစ်နိုင်ငံကြားမှာ အပြုသဘောဆောင်ပြီး ကျယ်ပြန့်တဲ့ ဆွေးနွေးစရာ ကိစ္စတွေ အများကြီး ရှိနေသေးကြောင်းလည်း အဇာဘိုင်ဂျန် ခေါင်းဆောင်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။