Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန် စူပါဟီးရိုး စီးရီး Super Sentai ထုတ်လွှင့်ပြသမှု နှစ် ၅၀ အကြာမှာ အဆုံးသတ်

ဂျပန်ရဲ့ နာမည်ကျော် စူပါဟီးရိုး စီးရီးတစ်ခုဖြစ်တဲ့ Super Sentaiဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးတဲ့ အခါမှာတော့ ထုတ်လွှင့် ပြသမှု ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဂျပန်ရဲ့ နာမည်ကျော် စူပါဟီးရိုး စီးရီးတစ်ခုဖြစ်တဲ့ Super Sentaiဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးတဲ့ အခါမှာတော့ ထုတ်လွှင့် ပြသမှု ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

Super Sentai ဆိုတာဟာ လူငယ်တစ်စုက အစွမ်းထက် ရောင်စုံ စူပါဟီးရိုးတွေအဖြစ် ပြောင်းလဲသွားပြီး ဗီလိန်ဂြိုဟ်သားတွေနဲ့ တိုက်ခိုက်ကြတယ်ဆိုတဲ့ စိတ်ကူးကို အခြေခံ ဖန်တီးခဲ့တာပါ။ Super Sentaiမှာ ပါဝင်တဲ့ စူပါဟီးရိုး အဖွဲ့တွေက နှစ်အလိုက် နာမည်တွေ၊ ဒီဇိုင်းတွေ ပြောင်းလဲလာခဲ့ပါတယ်။

Super Sentaiရဲ့ Zyurangerဆိုတဲ့ စီးရီးတွေကိုတော့ အမေရိကန်မှာ Power Rangersဆိုတဲ့ နာမည်နဲ့ မှီငြမ်းရိုက်ကူး ပြသခဲ့တဲ့ အခါမှာတော့ ကမ္ဘာကျော်ခဲ့သလို Super Sentaiရဲ့ နိုင်ငံတကာ ထိုးဖောက်မှုလည်း ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။

ခေတ်အဆက်ဆက် ကလေးတွေ သဘောအကျဆုံး စီးရီးတစ်ခုအဖြစ် ရပ်တည်ခဲ့ပေမယ့် အခုတော့ အဲဒီ စီးရီးတွေကို ထုတ်လွှင့်နေတဲ့ TV Ashaiက နောက်ထပ် Super Sentai ပရောဂျက် အသစ်တွေ ထပ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အကြောင်းရင်းကိုတော့ ကုမ္ပဏီက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ Super Sentai စီးရီးအသစ်တွေ ဖန်တီးရင်း ဆက်စပ် ရောင်းချနေတဲ့ ဇာတ်ကောင်အရုပ်တွေနဲ့ တခြားပစ္စည်းတွေ ရောင်းအားက ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မကာမိတော့ဘဲ စီးပွားရေး တွက်ခြေ မကိုက်တော့တာကြောင့် စီးရီး ထုတ်လွှင့်မှုကို ရပ်ဆိုင်းခဲ့တာဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Super Sentai စီးရီးတွေကို ဂျပန်မှာ ၁၉၇၅ ခုနှစ်က စတင် ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ငယ်ရွယ်တဲ့ တက်သစ်စ သရုပ်ဆောင်လေးတွေရဲ့ အနုပညာဘဝ စတင်ရာ ပလက်ဖောင်း တစ်ခုလိုလည်း ဖြစ်လာခဲ့ပါတယ်။ Super Sentaiဟာ ဂျပန်ရဲ့ ခေတ်သစ် ယဉ်ကျေးမှု ရပ်ဝန်းမှာ သာမန် ဖျော်ဖြေရေး စီးရီးတစ်ခုထက် မကတဲ့ ပိုတဲ့ လွှမ်းမိုးမှုတွေလည်း ရှိခဲ့ပါတယ်။

Super Sentaiရဲ့ ဇာတ်လမ်းတွေက ထူးခြားဆန်းသစ်မှု သိပ်မရှိဘဲ ပုံသေနည်း ဖြစ်နေပေမယ့်လည်း ဇာတ်ကောင်တွေကို ချစ်ခင်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုက နှစ်ရှည်လများ တည်တံ့ခဲ့ပါတယ်။ အခုတော့ အဲဒီစီးရီး အဆုံးသတ်တော့မယ် ဆိုတာကို ကြားသိရတဲ့အခါ နာမည်ကျော် အနုပညာရှင်တွေနဲ့ ပရိသတ်တွေကပါ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း လူမှုကွန်ရက်တွေပေါ်မှာ မျှဝေခဲ့ကြပါတယ်။

ရုပ်မြင်သံကြား စီးရီးတစ်ခုဟာ ရာစုနှစ်ဝက် ကြာတဲ့ထိ တည်တံ့ခဲ့တာ အံ့ဩစရာဖြစ်ကြောင်း၊ Super Sentaiရဲ့ သမိုင်း အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတာကို ဂုဏ်ယူကြောင်း အဲဒီစီးရီးတွေမှာ ပါဝင် သရုပ်ဆောင်ဖူးတဲ့ မင်းသား ယာဆူဟီဆာ ဖူရူဟာရာက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ပရိသတ် တစ်ဦးကတော့ သူ့မိဘတွေ ငယ်ငယ်က Super Sentai ပရိသတ် ဖြစ်ခဲ့သလို သူလည်း အဲဒီစီးရီးတွေနဲ့ ကြီးပြင်းလာကြောင်း၊ Super Sentaiကို လွမ်းနေမိမှာ သေချာကြောင်း ဆိုပါတယ်။

နောက်ထပ် ပရိသတ် တစ်ယောက်ကတော့ Super Sentai မရှိတော့ရင် ခုခေတ် ချာတိတ်တွေ ဘယ်စီးရီး ကြည့်ရမလဲလို့ မေးခွန်းထုတ်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။