နိုဝင်ဘာ-၂၅၊၂၀၂၅။People’s Spring
ထိုင်းနိုင်ငံတောင်ပိုင်းဒေသတချို့ဟာနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေဘေးသင့်နေပြီး နိုဝင်ဘာ ၂၅ ရက်နေ့ထိ အခြေအနေအရ သေဆုံးစာရင်း ၁၃ ဦးလောက်ရှိလာခဲ့ပါတယ်။
ကမ်းရိုးတန်း ဧရိယာတွေ အပါအဝင် မလေးရှားနဲ့ နယ်စပ်ထိစပ်ရာပြည်နယ်၈ခုလောက်မှာရေဘေးသင့်တဲ့ အခြေအနေတွေ ကြုံနေတာဖြစ်ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂ မီတာလောက်ထိ လွန်လွန်ကဲကဲ ရွာသွန်းခဲ့ပါတယ်။
ရေဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လေယာဉ်တင် သင်္ဘော စေလွှတ်ပေးဖို့ ထိုင်းရေတပ်က စီစဉ်နေပါတယ်။

Public Service Announcement
ရေဘေးသင့်ဒေသတွေအတွက်လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ဝန်ထမ်းတွေ ပါရှိမယ့် လှေ ၁၂စီးပါရေယာဉ်အုပ်ကိုစေလွှတ်ပေးမယ်လို့ ထိုင်းရေတပ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင်အဲဒီ ခရီးစဉ်မှာရေတပ်ရဲ့တစ်စီးတည်းသောလေယာဉ်တင်သင်္ဘောချာကရီ နာရူဘတ်လည်း လိုက်ပါသွားမှာပါ။ အဲဒီ လေယာဉ်တင် သင်္ဘောပေါ်မှာ ရဟတ်ယာဉ်တွေ၊ ဆရာဝန်တွေအပြင် နေ့စဉ် လူပေါင်း ၃၀၀၀ ကျော်အတွက် အစားအစာချက်ပြုတ်ကျွေးမွေးနိုင်မယ့် ရွေ့လျားမီးဖိုတွေကိုပါ တင်ဆောင်သွားမယ်လို့ သိရပါတယ်။
ချာကရီ နာရူဘတ်ဟာ အပေါ့စား လေယာဉ်တင်သင်္ဘောအဖြစ် တည်ဆောက်ထားပေမယ့် လက်ရှိမှာတော့ ရဟတ်ယာဉ်တွေ အတက်အဆင်း ပြုလုပ်ရာပလက်ဖောင်းအနေနဲ့ပဲ အဓိက အသုံးပြုနေပါတယ်။ချာကရီ နာရူဘတ် အပါအဝင် ရေတပ်အုပ်စုဟာ တော်ဝင်ရေတပ်ရဲ့ အမိန့်အရ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထွက်ခွာမယ်လို့လည်း ကြေညာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အဲဒီ လေယာဉ်တင် သင်္ဘောဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီပေးမယ့် ရေပေါ်ဆေးရုံ အနေနဲ့လည်း အသုံးပြုနိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းတောင်ပိုင်းက ရေဘေးသင့်မှုတွေကို သက်ရောက်ခံစားရသူ ဦးရေဟာ ၂ သန်းနီးပါးလောက်ထိ များပြားပါတယ်။
ရေဘေးသင့် ဒေသတွေဟာရာဘာစိုက်ပျိုးထုတ်လုပ်မှု အဓိက ရပ်ဝန်းတွေဖြစ်ပြီး လက်ရှိ အခြေအနေကြောင့် ရာဘာစျေးကွက်အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ကိုးကား: Reuters
ထိုင်းတောင်ပိုင်း နှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးရေကြီးမှု နိုဝင်ဘာ-၂၅၊၂၀၂၅။People's Spring…
Posted by People's Spring on Tuesday 25 November 2025
ရုပ်သံ-Kang Namthip
















































