ဂြိုဟ်သားတွေ၊ ပန်းကန်ပြားပျံတွေနဲ့ ပတ်သက်တဲ့ အစိုးရ မှတ်တမ်းဖိုင်တွေကို လူထုဆီ ထုတ်ပြန်သွားစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေဟာ ဂြိုဟ်သားတွေ ရှိနေသလားဆိုတဲ့ အထောက်အထား မှတ်တမ်းတွေ လေ့လာရရှိထားသမျှ ဖိုင်အားလုံးကို ထုတ်ပေးဖို့ ညွှန်ကြားသွားမယ်လို့ ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက လူမှုကွန်ရက်ပေါ်မှာ အတည်ပြု ရေးသားခဲ့ပါတယ်။
ထရမ့်က ကမ္ဘာမြေပြင်ပက သက်ရှိတွေ၊ တိတိကျကျ အဖြေမထုတ်နိုင်တဲ့ ဂြိုဟ်သားဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ပန်းကန်ပြားပျံ ကိစ္စတွေအကြောင်း အစိုးရ မှတ်တမ်းဖိုင်တွေကို ထုတ်ပြန်ပေးဖို့ ဆန်းစစ်မှုတွေ စတင်လုပ်ဆောင်နေပြီလို့လည်း ပြောပါတယ်။
အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားရဲ့ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်စကား တစ်ခွန်းက လူအများကြား ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်လာချိန်မှာ ထရမ့်က အစိုးရ ဖိုင်တွေကို ထုတ်ပေးစေဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်မှာ podcast အစီအစဉ်မှူး တစ်ဦးဖြစ်တဲ့ ဘရိုင်ယန် တိုင်လာ ကိုဟန်က ဂြိုဟ်သားတွေ တကယ်ရှိသလားလို့ အိုဘားမားကို မေးခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတဟောင်းက ဂြိုဟ်သားတွေ တကယ်ရှိပေမယ့် သူတော့ တစ်ခါမှ မမြင်ဖူးဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ Area 51ဆိုတဲ့ နေရာမှာ ဂြိုဟ်သားတွေကို ထိန်းသိမ်းထားတဲ့ မြေအောက် စစ်စခန်းမျိုး မရှိကြောင်း၊ ဒါပေမဲ့ အမေရိကန် သမ္မတကိုတောင် အသိမပေးဘဲ အကြီးစား မြေအောက်စခန်းကြီး ရှိနေတယ်ဆိုတဲ့ ထင်ကြေးသီအိုရီတွေ မှန်နေရင်တော့ သူလည်း မပြောတတ်ကြောင်း အိုဘားမားက ဆိုပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ အိုဘားမားဟာ အစိုးရ လျှို့ဝှက် သတင်းအချက်အလက်တွေကို ဖွင့်ချခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ ဂြိုဟ်သားတွေ ရှိမရှိ ဆိုတာကို သူမသိကြောင်း၊ ဒါပေမဲ့ အစိုးရ မှတ်တမ်းတွေကို ထုတ်ပြန်ပေးခြင်းအားဖြင့် အိုဘားမားကိုတော့ ဒုက္ခတောထဲက သူကယ်ထုတ်နိုင်မယ်ထင်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အိုဘားမားကတော့ သူ့စကားကို ပြန်ရှင်းခဲ့ရာမှာ ဂြိုဟ်သားတွေနဲ့ ထိတွေ့ ဆက်သွယ်မှု ရှိခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အချက်အလက်အရ အရမ်းကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ နောက်ထပ် သက်ရှိတွေ ရှင်သန်နေတယ် ဆိုတာက ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ သူယုံကြည်တဲ့ သဘောသာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
သူကိုယ်တိုင်ရော ဂြိုဟ်သားတွေ ရှိနေတာကို ယုံသလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က အဲဒီအပေါ် သူ့ကိုယ်ပိုင် အမြင် မရှိကြောင်း၊ ဘယ်တုန်းကမှလည်း ဒီအကြောင်း မပြောခဲ့ကြောင်း၊ လူတွေ အများကြီးက ပြောဆိုနေကြ၊ ယုံကြည်နေကြပေမယ့် သူကတော့ ဝင်မပါခဲ့ကြောင်း တုံ့ပြန်သွားပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ – Reuters


















































