ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ကြားက အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ဆက်တိုက် အရှိန်မြင့်တက်လာပြီး ပဋိပက္ခကြီး တစ်ခုအဖြစ် ဦးတည်လာနေပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းတုန်းက ပါကစ္စတန်ဟာ မြို့တော်ကဘူးလ် အပါအဝင် အာဖဂန်ရဲ့ အစိတ်အပိုင်း တချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်ကို အုပ်ချုပ်နေတဲ့ အာဖဂန် တာလီဘန် အစိုးရက ပြောပါတယ်။ ပါကစ္စတန်ကတော့ အဲဒီမတိုင်ခင် တစ်ရက်မှာ အာဖဂန် တာလီဘန်တွေက ပါကစ္စတန် ပိုင်နက်ကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အတွက် လက်တုံ့ပြန်တာသာ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
အာဖဂန် တာလီဘန် အစိုးရဟာ ပါကစ္စတန်ကို ဆန့်ကျင်နေတဲ့ ပါကစ္စတန် တာလီဘန်တွေနဲ့ တခြားစစ်သွေးကြွတွေကို ခိုလှုံခွင့် ပြုထားကြောင်း ပါကစ္စတန် အစိုးရက စွပ်စွဲထားပါတယ်။ အခုပြဿနာတွေဟာ နယ်စပ်နား အာဖဂန် ပိုင်နက်ထဲက စစ်သွေးကြွ စခန်းလို့ စွပ်စွဲထားတဲ့ နေရာတွေကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက စတင်လာခဲ့တာပါ။ အာဖဂန် တာလီဘန်တွေကတော့ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုမှာ အရပ်သားတွေပဲ သေကြေ ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်ကြတဲ့ တိုက်ခိုက်မှုတွေဟာ အခုတော့ တခြားဒေသတွေကိုပါ ကူးစက်လာပြီး နှစ်ဖက်ကြားက စစ်ရေး ပဋိပက္ခအသွင် အရှိန်မြင့်တက်လာနေတာပါ။ သူရဲဘောကြောင်တဲ့ ပါကစ္စတန် စစ်တပ်ဟာ ကဘူးလ်၊ ကန်ဒါဟာဟာနဲ့ ပက်ခ်ရှား ဒေသတွေမှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အာဖဂန် တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဇာဘူလီယာ မူဂျာဟစ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ပါကစ္စတန်ဖက်ကတော့ ချီထရယ်လ်၊ ခိုင်ဘာ၊ မိုဟ်မန်၊ ကာရမ်နဲ့ ဘက်ဂျားဒေသတွေထဲကို အာဖဂန် တလီဘန်တွေက တိုက်ခိုက်ခဲ့လို့ အခုလို လက်တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ပါကစ္စတန်က လုပ်သင့်တာ မှန်သမျှ လုပ်ဆောင်သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတောအတွင်း ပါကစ္စတန် လုံခြုံရေး အရာရှိ တချို့ကလည်း အာဖဂန်ရဲ့ မြို့တော် ကဘူးလ်ကို ပစ်မှတ်ထားခဲ့တဲ့ စစ်ဆင်ရေး ဗီဒီယို တစ်ခုကို ထုတ်ပြလာပါတယ်။
အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေကို မြင့်မြင့်မားမား ဖော်ပြခဲ့ပေမယ့် အတည်မပြုနိုင်ပါဘူး။ ပါကစ္စတန်က ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်း တိုက်ခိုက်မှုမှာ အာဖဂန် တာလီဘန် တိုက်ခိုက်ရေးသမား ၁၃၃ ဦးကို သုတ်သင်ခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရစေခဲ့တယ်လို့ ပြောပေမယ့် အာဖဂန် တာလီဘန် အစိုးရကတော့ စစ်သည် ၁၁ ဦးသာ သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပြီးတော့ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
အာဖဂန်ဖက်က တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ဖက်မှာလည်း အသေအပျောက်တွေ ရှိခဲ့တယ် ဆိုတာကို ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အတ်တူလာ တာရားက ဝန်ခံခဲ့ပေမယ့် အာဖဂန်ဖက်က ကြေညာသလို ဒါဇင်နဲ့ချီ များပြားတယ် ဆိုတာ မဟုတ်ဘဲ ၂ ဦးသာ သေဆုံးခဲ့တယ်လို့ ပြောကြားသွားပါတယ်။
အဲဒီ နှစ်နိုင်ငံဟာ မနှစ်က အောက်တိုဘာလတုန်းကလည်း နယ်စပ်မှာ ၁၀ ရက်လောက် ကြာမြင့်တဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးပြီး နှစ်ဖက် အသေအပျောက် ရာနဲ့ချီ ရှိခဲ့ပါတယ်။
ကိုးကား: CNN
ဓာတ်ပုံ – Getty Images


















































