ပြည်တွင်းမှာ အထူးကျော်ကြားတဲ့ မိုင်းရှာဖွေရေး ကြွက်ငယ်လေး တစ်ကောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘောဒီးယားက ပုံတူရုပ်တု တစ်ခုကို ထုလုပ်ခဲ့ပါတယ်။

မာဂါဝါလို့ နာမည်ပေးထားပြီး မြေမြှုပ်မိုင်းတွေ ရှာဖွေပေးဖို့ လေ့ကျင့်ပေးထားတဲ့ ကြွက်လေးဟာ သူ့ဘဝ သက်တမ်းတလျှောက်မှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံထဲက မြေမြှုပ်မိုင်း ၁၀၀ ကျော်ကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
အသက် ၈ နှစ်ထိ နေထိုင်သွားခဲ့တဲ့ ကြွက်လေးဟာ ၂၀၁၆ ကစလို့ သူ့ရဲ့ လုပ်သက် ၅ နှစ်အတွင်း ဒီလို အံ့မခန်း စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် မိုင်းရှာဖွေရေး ကြွက်တစ်ကောင်ကို တခမ်းတနား ရုပ်တုထုဆစ် ဂုဏ်ပြုဖို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း ပညာပေးရေးနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့ အနေနဲ့ ဆိုင်ယန်ရပ်မှာ အဲဒီ ရုပ်တုကို စတင် ဖွင့်လှစ် ပြသခဲ့ပါတယ်။ မာဂါဝါရဲ့ ပုံတူရုပ်တုကိုတော့ ဒေသတွင်းက ကျောက်သားတစ်မျိုးကို အသုံးပြုပြီး ထုဆစ်ထားခဲ့တာပါ။

Public Service Announcement
ကမ္ဘောဒီးယားဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အန္တရာယ် အကြီးဆုံး ဇုန်နယ်မြေတွေထဲ ပါဝင်နေပြီး လူပေါင်း ၁ သန်းကျော်လောက်ဟာ အဲဒီ သေစေနိုင်ပြီး ပုန်းကွယ်နေတဲ့ စစ်လက်နက် ပစ္စည်းတွေ ပြန့်ကြဲနေရာ ဒေသတွေမှာ နေ့စဉ်နဲ့အမျှ အသက်ကို ဖက်နဲ့ထုပ်ပြီး အလုပ်လုပ်နေ၊ ရှင်သန်ရုန်းကန်နေ၊ လှုပ်ရှားသွားလာနေရတယ်လို့ ကုလသမဂ္ဂ (UN)က ထုတ်ပြန်ထားပါတယ်။
မာဂါဝါဟာ အာဖရိကမျိုးရင်း ကြွက်ကြီးတစ်ကောင်ဖြစ်ပြီး မိုင်းရှာဖွေရေးအတွက် ဘယ်လ်ဂျီယံ စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုဖြစ်တဲ့ Apopoက အထူးလေ့ကျင့်ပေးခဲ့ပါတယ်။ ကြွက်တွေဟာ ကိုယ်အလေးချိန် အရမ်းမများတဲ့အတွက် ဗုံးတွေကို မပေါက်ကွဲစေဘဲ တက်နင်းနိုင်၊ ဖြတ်သန်းနိုင်တဲ့ အားသာချက်မျိုး ရှိနေပါတယ်။
သူ့ရဲ့ ထူးကဲထက်မြက်လှတဲ့ အနံ့ခံ အာရုံနဲ့ စနစ်တကျ လေ့ကျင့်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ မာဂါဝါဟာ ဖောက်ခွဲရေး ပစ္စည်းတွေထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကို ထောက်လှမ်း သိရှိနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ လူသား လုပ်ဖော်ကိုင်ဖက်တွေဆီ အချက်ပြ အသံပေးပြီး အဲဒီ မြေမြှုပ်မိုင်းတွေကို အောင်အောင်မြင်မြင် ဖယ်ရှား ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ဘဝ တလျှောက်မှာ မာဂါဝါဟာ စတုရန်းပေ ၁.၅ သန်းကျော်ထိ ကျယ်ဝန်းတဲ့ ဧရိယာကို မိုင်းရှင်းပေးခဲ့ပါတယ်။ ဒါဟာ ဘောလုံးကွင်း အခု ၂၀ လောက်နဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။ သူဟာ တင်းနစ်ကွင်း တစ်ကွင်းစာလောက် ကျယ်ဝန်းတဲ့ မြေပြင်ကို မိနစ် ၂၀ အတွင်း အနံ့ခံ ရှင်းလင်းပေးနိုင်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ မာဂါဝါဟာ လူသားအကျိုးပြု တိရစ္ဆာန်တွေကို ချီးမြှင့်တဲ့ PDSA ရွှေတံဆိပ်ကို ရရှိခဲ့ပါတယ်။ ဒါဟာ လူ့အသက်တွေကို ကယ်တင်ဖို့ သူ့ဘဝကို မြှုပ်နှံပေးထားခဲ့တဲ့အပေါ် ဂုဏ်ပြုခြင်းလို့ ဆုချီးမြှင့်သူတွေက ပြောပါတယ်။ ဒီဆုကို ကြွက်တစ်ကောင်က ရရှိတာကတော့ မာဂါဝါက ပထမဆုံးပါပဲ။
အဲဒီနောက်ပိုင်းမှာတော့ မာဂါဝါဟာ အသက်အရွယ် ကြီးရင့်လာပြီး အိုမင်းမစွမ်း ဖြစ်လာသလို အလုပ်လုပ်နိုင်စွမ်းလည်း လျော့နည်းလာခဲ့ပါတယ်။ ၂၀၂၂ မှာတော့ အဲဒီ မာဂါဝါ သေဆုံးသွားခဲ့ပါတယ်။
မာဂါဝါရဲ့ ရုပ်တု ဖွင့်လှစ်မှု အခမ်းအနားမှာတော့ Apopoရဲ့ ကမ္ဘောဒီးယား ပရိုဂရမ် မန်နေဂျာ မိုက်ကယ်ရိန်းက ဒီနိုင်ငံမှာ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခု ကျန်နေသေးတယ်ဆိုတာ နိုင်ငံတကာ အသိုက်အဝန်းအတွက် သတိပေးမှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
ကမ္ဘောဒီးယားဟာ ခမာနီ သောင်းကျန်းမှုနဲ့ ပြည်တွင်းစစ် ကာလတွေအတောအတွင်း မြေမြှုပ်မိုင်း အရေအတွက် သန်းနဲ့ချီ မြှုပ်နှံထားမှုကို ကြုံတွေ့ခဲ့ရပါတယ်။ အခုတော့ အဲဒီနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ မိုင်းတွေအားလုံး ရှင်းလင်းနိုင်ဖို့ ရည်ရွယ်ချက်ထား ကြိုးစားနေပါတယ်။
Apopoက လေ့ကျင့်ပေးထားပြီး ရိုနင်လို့ နာမည်ပေးထားတဲ့ နောက်ထပ် ကြွက်ကလေး တစ်ကောင်ကတော့ ၂၀၂၅ ခုနှစ်မှာ မြေမြှုပ်မိုင်း ၁၀၉ ခုနဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းလက်နက် ၁၅ ခုကို ရှာဖွေ ဖော်ထုတ်ပေးခဲ့ပြီး အဲဒီစွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့စံချိန်သစ်ပါ တင်နိုင်ခဲ့ပါတယ်။
ရိုနင်ဟာ မာဂါဝါရဲ့ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး လောလောဆယ် ကမ္ဘောဒီးယားရဲ့ မြောက်ဖက်မှာရှိတဲ့ ပရာဗီဟီရာ ဒေသမှာ ဆက်လက် အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: BBC





















































