Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားဆီ ရှီကျင့်ဖျင် သွားရောက်ဖို့ စီစဉ်နေတယ်လို့ဆို

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Reuters

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ရဲ့ ဖော်ပြချက်အရ ရှီဟာ လာမယ့် သီတင်းပတ်လောက်မှာတင် မြောက်ကိုရီးယားကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ကင်မ်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ စေ့စပ်ညှိနှိုင်းပေးဖို့လို့ ယွန်ဟပ်က ဆိုပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ ထိပ်တန်း အရာရှိ တစ်ဦးက တရုတ် အစိုးရရဲ့ လုံခြုံရေး စီစဉ်မှု အဖွဲ့တစ်ခုနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညှိနှိုင်းရေး အရာရှိတွေဟာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းကို ကြိုတင် ရောက်ရှိနေတယ်လို့ ပြောပါတယ်။

ရှီဟာ ပြုံယမ်းကို မေလကုန်၊ ဒါမှမဟုတ် ဇွန်လဆန်းလောက်မှာ သွားရောက်နိုင်ခြေ ရှိနေတယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်သမ္မတဟာ မေလလယ်တုန်းက ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကို ဧည့်ခံကြိုဆိုခဲ့ပါတယ်။ သမ္မတ နှစ်ဦးရဲ့ ဆွေးနွေးမှုတွေအတွင်း အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တရုတ်က ကြားဝင် စေ့စပ်ပေးရေးဆိုတဲ့ ကိစ္စလည်း ပါဝင်ခဲ့ကြောင်း သိပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်း ကာလထဲမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စအတွက် ကင်မ်နဲ့ ၃ ကြိမ် တွေ့ဆုံဖူးပါတယ်။ သူတို့နှစ်ဦးကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ထရမ့်က ပြောခဲ့ပေမယ့် နှစ်နိုင်ငံကြား မူဝါဒရေးရာ ညှိနှိုင်းမှုတွေကတော့ ပျက်ပြယ်ခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အားစိုက်လုပ်ဆောင်ပြီး တရုတ်ကလည်း အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ပါဝင်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရှီက မြောက်ကိုရီးယားဆီ သွားရောက်လည်ပတ်ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းကိုတော့ ဝန်ကြီးဌာနဖက်က မှတ်ချက်မပေးခဲ့ပါဘူး။

အထီးကျန် ကွန်မြူနစ် နိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယား အတွက်တော့ တရုတ်ဟာ အစဉ်အလာအရ စီးပွားရေးနဲ့ နိုင်ငံရေး မဟာမိတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ် ကပ်ရောဂါ ကာလနောက်ပိုင်း နှစ်ဖက်ဆက်ဆံရေး အထိုက်အလျောက် အေးစက်နေပြီး အဲဒီအခြေအနေကို ကုစားဖို့ အစိုးရနှစ်ရပ်စလုံးက ကြိုးစားနေပါတယ်။

မနှစ်တုန်းက ကင်မ်ဟာ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းကို အလည်အပတ် သွားရောက်ခဲ့ပြီး ရှီရော၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ရှီကတော့ မြောက်ကိုရီးယားကို သမ္မတ အနေနဲ့ ၂၀၁၉ ခုနှစ်က တစ်ကြိမ် သွားရောက်ဖူးပြီး အဲဒီ မတိုင်ခင်မှာ ၂၀၀၈ ခုနှစ်တုန်းက ဒုတိယ သမ္မတအနေနဲ့ တစ်ကြိမ် ရောက်ရှိခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။