ဇွန် – ၈ ၊၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။
ရှီဟာ အခုနှစ်အတွက် သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဇွန်လ ၈ ရက်နေ့မှာ ပြုံယမ်းမြို့တော်ဆီ ရောက်ရှိလာခဲ့တာပါ။
ရှီကို မြောက်ကိုရီးယားက တခမ်းတနား ကြိုဆိုနေပုံတွေကို တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ထုတ်လွှင့် ပြသခဲ့ရာမှာတော့ လေဆိပ်မှာ ကင်မ်နဲ့ ဇနီးဖြစ်သူ ရီဆိုဂျူတို့ပါ အတူရှိနေတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ဗီဒီယိုထဲမှာတော့ ကော်ဇောနီ ဖြန့်ခင်းထားပြီး မြောက်ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့က ဘေးတစ်ဖက်တစ်ချက်မှာ နေရာယူထားတာကို တွေ့ရပါတယ်။
ရှီနဲ့ကင်မ်တို့ဟာ ရင်းရင်းနှီးနှီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြပြီး မြောက်ကိုရီးယား ကလေးငယ်တွေက ရှီနဲ့ သမ္မကတော် ပန်လိယွမ်တို့ကို ပန်းစည်းတွေကမ်းပြီး ကြိုဆိုခဲ့တယ်လို့ CCTVက ဖော်ပြထားပါတယ်။
ရှီဟာမြောက်ကိုရီးယားကိုဆိုက်ရောက်လာပြီဆိုတာကို နှစ်နိုင်ငံ အစိုးရ မီဒီယာတွေက အတည်ပြုခဲ့ပေမယ့် နောက်ပိုင်း အစီအစဉ်တွေနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်မထားသေးပါဘူး။
ဓာတ်ပုံ – ဆင်ဟွာ





















































