Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ရလဒ်ဆိုးအတွက် တောင်ကိုရီးယား အသင်းကို သမ္မတ ဝေဖန်၊ နည်းပြ နုတ်ထွက်

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ တောင်ကိုရီးယား အသင်းကို သမ္မတကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့နောက် အသင်းနည်းပြဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - FIFA

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ တောင်ကိုရီးယား အသင်းကို သမ္မတကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့နောက် အသင်းနည်းပြဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလား အုပ်စု(A) အဖွင့်ပွဲစဉ်မှာ ချက်အသင်းကို အနိုင်ရပြီး တာထွက်လှခဲ့ပေမယ့် တောင်အာဖရိကနဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းတွေကို အရေးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့် မတက်ရောက်နိုင်ဘဲ အိမ်ပြန် စောခဲ့ရပါတယ်။

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ တောင်ကိုရီးယားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို လက်ခံနိုင်စရာ မရှိတဲ့ ရလဒ်အတွက် ပြည်သူလူထုကို တောင်းပန်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

ပုဂ္ဂိုလ်စွဲနဲ့ ဂိုဏ်းဂဏ စိတ်ဓာတ်တွေကို လက်တွေ့ စွမ်းဆောင်ရည်ထက် ဦးစားပေးတဲ့အခါ၊ ခေါင်းဆောင်မှု နေရာတွေမှာ အရည်အချင်း မပြည့်သူတွေကို ခန့်အပ်ထားမိတဲ့အခါ ဒီလို ရလဒ်မျိုးကို မလွဲမသွေ ကြုံလာမှာပဲဖြစ်ကြောင်း၊ လက်ခံနိုင်စရာ မရှိတဲ့ ရလဒ်အတွက် အကြီးအကျယ် စိတ်ပျက်နေတဲ့ ပြည်သူလူထုကို သူ့အနေနဲ့ တောင်းပန်လိုကြောင်း၊ နောက်တစ်ကြိမ် ဒါမျိုး ထပ်မဖြစ်တာ သေချာစေဖို့အတွက် အားကစားရေးရာ စီမံအုပ်ချုပ်မှု အပိုင်းမှာ ပြင်ဆင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း လီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကိုတော့ ရေးသားမထားသလို အရည်အချင်း မပြည့်မီသူတွေ ဆိုတာက ဘယ်သူတွေကို ရည်ညွှန်းသလဲလို့ တိတိကျကျ ဖော်ပြမထားပါဘူး။

သမ္မတဆီက ဝေဖန်မှု ထွက်ပေါ်လာအပြီး နာရီပိုင်းအကြာ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းမှာတော့ တောင်ကိုရီးယား အသင်းရဲ့ နည်းပြ ဟောင်မြန်ဘိုဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း ကစားသမားတွေ ရွေးချယ်တာ၊ လေ့ကျင့်ရေးနဲ့ ပွဲကြို အစီအမံတွေ ရေးဆွဲတာ အပါအဝင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ သူ့ကိုယ်သူ ဆန်းစစ်ခဲ့တဲ့ မေးခွန်းတစ်ခု ရှိကြောင်း၊ အဲဒါကတော့ သူလုပ်နေတာတွေက တောင်ကိုရီးယား ဘောလုံးလောကအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေ ဟုတ်ရဲ့လား ဆိုတာပဲဖြစ်ကြောင်း တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့ဖူးသူ အသက် ၅၇ နှစ်အရွယ် ဟောင်က မက္ကဆီကိုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆုံးဖြတ်ချက်တိုင်း မှန်ကန်ခဲ့ပါတယ်လို့ သူမပြောလိုကြောင်း၊ ဒါပေမဲ့ ခိုင်ခိုင်မာမာ ပြောနိုင်တာ တစ်ခုကတော့ ကိုရီးယား ဘောလုံးလောက အတွက်ပဲ ဦးစားပေးပြီး အရာရာကို သူရွေးချယ်ခဲ့တာဖြစ်ကြောင်း ဟောင်က ပြောဆိုသွားပါတယ်။

ဟောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင် ကတည်းက ပြည်တွင်းက မီဒီယာတွေနဲ့ ပရိသတ်တွေကြားမှာ လူကြိုက်မများခဲ့ပါဘူး။ သူဟာ ပရိသတ် အချစ်တော် ဝါရင့် တိုက်စစ်မှူး ဆွန်ဟောင်မင်းကိုလည်း တောင်အာဖရိကနဲ့ပွဲစဉ် ပွဲထွက် လူစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒီပွဲမှာ သရေ ၁ မှတ် ရရုံနဲ့ တောင်ကိုရီးယားဟာ ရှုံးထွက်အဆင့် တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဟောင်ရဲ့ အလောင်းအစားဆန်တဲ့ ရွေးချယ်မှုက အခြေအနေတွေကို ပိုဆိုးသွားစေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တောင်ကိုရီးယား အသင်း နည်းပြဖြစ်လာပြီး အိမ်ကွင်းမှာ ကစားတဲ့ ပွဲစဉ်တိုင်းလိုလို ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ ဟောင်က သူဟာ နည်းပြအဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် တောင်ကိုရီးယားရဲ့ အမာခံ ပရိသတ်အဖြစ် အမြဲတမ်း ဆက်ရှိနေမယ်လို့လည်း ဆိုပါတယ်။

နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကနေ အသင်းကို လှိုက်လှိုက်လှဲလှဲ ဆက်အားပေးနေမှာ ဖြစ်ကြောင်း၊ လက်ရွေးစင် အသင်းဟာ ကြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်မြတ်နိုးမှုကို ပြန်လည် ရရှိလာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။