ဒီနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် ဟာဆီနာဟာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွ ဆန္ဒပြမှုတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ထွက်ပြေးသွားပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာ ခိုလှုံနေသူပါ။ ဟာဆီနာဟာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေကို ညွှန်ကြားခဲ့ကြောင်း စွပ်စွဲချက်အတွက် ဘင်္ဂလားဒေ့ရှ် တရားရုံးရဲ့ မျက်ကွယ် သေဒဏ်ချမှတ်မှု ခံထားရသူလည်း ဖြစ်ပါတယ်။
အိန္ဒိယကို ရောက်နေချိန် ကတည်းက ဟာဆီနာဟာ လူမြင်ကွင်းကို ထွက်ပေါ်မလာခဲ့ပါဘူး။ သူဟာ ဇန်နဝါရီလတုန်းက တစ်ကြိမ်ပဲ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေဆီ လိပ်မူတဲ့ မိန့်ခွန်းတစ်ခုကို နယူးဒေလီမှာရှိတဲ့ သတင်းအဖွဲ့အစည်း တစ်ခုဆီကနေတဆင့် ထုတ်လွှင့်ခဲ့ဖူးပါတယ်။
အိန္ဒိယ အခြေစိုက် NDTVနဲ့ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟာဆီနာက သူဟာ မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတဲ့ ကိစ္စကို လုံးဝ မကြောက်ဘူးလို့ ပြောပါတယ်။ အဲဒီ စီရင်ချက်ဟာ တရားမဝင်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း မညီညွတ်ကြောင်း၊ နိုင်ငံရေး လှုံ့ဆော်မှု သက်သက်ကိုသာ အခြေခံထားတာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement
သူ့အပေါ် လုပ်ကြံစွပ်စွဲ ပြောဆိုထားတာတွေ အများကြီး ရှိကြောင်း၊ ဒါပေမဲ့ အဲဒီ မမှန်မကန် လုပ်ကြံဖန်တီး စွပ်စွဲမှုတွေထဲမှာ တကယ့် အမှန်တရားက သူဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၅ ကြိမ်တိုင် ရွေးကောက် ခံခဲ့ရတယ်ဆိုတာ ဖြစ်ကြောင်း၊ ပြီးတော့ နိုင်ငံသမိုင်းမှာ မကြုံစဖူး တိုးတက် ဖွံ့ဖြိုးလာအောင် အားထုတ်ပေးခဲ့ကြောင်း ဟာဆီနာက ပြောကြားသွားပါတယ်။
သူ့အနေနဲ့ ရှင်းရှင်းလင်းလင်းပဲ အသိပေးထားချင်ကြောင်း၊ ဘယ်လို လုပ်ကြံဖန်တီးမှုတွေ၊ အတားအဆီးတွေကိုမဆို ကျော်လွှားပြီး ဒီနှစ်ထဲမှာ သူဟာ ကိုယ့်နိုင်ငံကိုယ် ပြန်လာမှာဖြစ်ကြောင်းလည်း ဟာဆီနာက ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဒါကာမြို့တော်၊ တရားရုံးမှာတော့ ဟာဆီနာဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့အပြင် အာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့လည်း ပျက်ကွက်ခဲ့ကြောင်း ပြစ်မှု ထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ကြိုးပေးကွပ်မျက်ဖို့ မျက်ကွယ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဟာဆီနာ ဦးဆောင်ပြီး နိုင်ငံရဲ့ လူကြိုက်အများဆုံး နိုင်ငံရေးပါတီ ဖြစ်ခဲ့ဖူးတဲ့ အေဝါမီ အဖွဲ့ချုပ်ပါတီကိုလည်း တရားမဝင် အသင်းအဖြစ် ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ တာရစ်ရာမန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့နောက်ပိုင်း အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကို ပြန်လည် ကုစားဖို့ လက်တွေ့ကျကျ အားထုတ်နေပါတယ်။ တစ်ဖက်မှာလည်း ဟာဆီနာကို လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေကို အိန္ဒိယက အစဉ်တစိုက် ငြင်းဆိုနေခြင်းကြောင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အထစ်အငေါ့တချို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ကိုးကား: AFP


















































