ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်နေ့တုန်းက ဘန်ကောက်မှာ ခုတ်မောင်းနေတဲ့ ရထားတစ်စီးပေါ်မှာ ထိုင်းကို လေ့လာရေး ခရီးစဉ် ရောက်ရှိနေတဲ့ အီတလီ ကျောင်းသား လူငယ်လေးတွေ ရယ်ရယ်မောမော စကားပြောဆိုနေတာကို အသံမဆူညံဖို့ ထိုင်းအမျိုးသမီး တစ်ဦးက တားဆီးခဲ့ရာက ပြဿနာ စခဲ့တာပါ။ အဲဒီဖြစ်စဉ်ကို အမျိုးသမီးက ဗီဒီယို ရိုက်ထားပြီး လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့နောက် လူထုကြား မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပါတယ်။
အဲဒီဗီဒီယိုကိုတော့ ‘သူတို့ ဘယ်နိုင်ငံသားတွေလဲ။ ထိုင်းဟာ ဗီဇာကင်းလွတ်ခွင့် ရပ်ဆိုင်းသင့်ပြီလား’ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး TikTokမှာ စတင် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ နှစ်ဖက်စလုံးက အခြေအနေ တင်းမာပြီး ရိုင်းပြတဲ့ စကားလုံးတွေ၊ ကိုယ်အမူအယာတွေ သုံးနှုန်းပြီး အပြန်အလှန် ပုတ်ခတ်ခဲ့တာကို တွေ့ရပါတယ်။
အမျိုးသမီးက တိတ်တိတ်နေဖို့ ခဏခဏ ပြောနေတဲ့နောက် လူငယ်တွေထဲက မိန်းကလေး တစ်ဦးက သူတို့လို နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံထဲ ပိုက်ဆံတွေ ယူသွင်းလာပေးနေတဲ့ အကြောင်း တုံ့ပြန် ပြောဆိုခဲ့တဲ့နောက် အခြေအနေတွေက ပိုတင်းမာခဲ့ပါတယ်။ လူငယ်တစ်ဦးက ထိုင်းအမျိုးသမီးကို လက်ခလယ် ထောင်ပြခဲ့သလို ထိုင်းအမျိုးသမီးကလည်း အဲဒီလူငယ်တွေဟာ ကိုယ်အမူအယာ ရိုင်းစိုင်းကြောင်း စွပ်စွဲပြီး ကိုယ်တိုင်ကလည်း ဆဲရေး တိုင်းထွာနေခဲ့ပါတယ်။

Public Service Announcement
အဲဒီဗီဒီယိုကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာလည်း အမြင်ကွဲပြားမှုတွေ ရှိလာပါတယ်။ အီတလီ လူငယ်တွေရဲ့ အပြုအမူက ရိုင်းစိုင်းပြီး ဒေသခံတွေရဲ့ အလေ့အကျင့်တွေကို လေးစားရကောင်းမှန်း မသိဘူးဆိုတဲ့ စွပ်စွဲမှုတွေ ရှိသလို ထိုင်းအမျိုးသမီးက အလွန်အကျွံ အကဲဆတ်ပြီး ပြဿနာ စရှာခဲ့တာလို့ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။
ဘန်ကောက်မှာရှိတဲ့ ထိုင်းသံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာတွေ အောက်မှာတော့ အဲဒီကိစ္စကို တောင်းပန်ဖို့နဲ့ လူငယ်တွေကို အီတလီ ပြန်ပို့ပေးဖို့ ထိုင်းနိုင်ငံသား အများအပြားက မှတ်ချက်တွေ ရေးသားပြီး သွားရောက် တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကျောင်းလေ့လာရေး ခရီးစဉ် တစ်ခုအတွင်း အီတလီက အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် ခရီးသွား လူငယ်လေးတစ်စုရဲ့ မလျော်မကန် အပြုအမူကို ရှုတ်ချကြောင်းနဲ့ ထိုင်းပြည်သူ တစ်ရပ်လုံးကိုရော၊ ထိခိုက်ခံစားခဲ့ရသူတွေကိုပါ တောင်းပန်ပါကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အီတလီ ပြည်သူတွေဟာ ထိုင်းလူ့အဖွဲ့အစည်းက အလေးထားတဲ့ သူတစ်ပါးအပေါ် လေးစားမှု၊ ယဉ်ကျေးပျူငှာမှု၊ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်မှုစတဲ့ စံနှုန်းတွေအပေါ် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထား နားလည်ပါတယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အီတလီ သံရုံးဟာ အဲဒီ ကျောင်းသား လေ့လာရေး အဖွဲ့ရဲ့ ဦးဆောင်သူတွေဆိုတဲ့ အရွယ်ရောက်ပြီး လူပုဂ္ဂိုလ် ၃ ဦးနဲ့ လက်ခလယ် ထောင်ပြခဲ့တဲ့ လူငယ်တို့ တစ်ဦးချင်းစီက ထိုင်းပြည်သူတွေကို တောင်းပန်စကား ပြောထားတဲ့ ဗီဒီယိုကိုလည်း မျှဝေထားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီး တစ်ဦးက အဲဒီ လူငယ်တွေဟာ တတ်နိုင်သမျှ မြန်မြန် အီတလီကို ပြန်ကြမယ်လို့လည်း ပြောကြားထားပါတယ်။
TikTokမှာ ဗီဒီယိုကို စပြီးတင်ခဲ့တဲ့ အမျိုးသမီးဆီ AFP သတင်းဌာန ဆက်သွယ်ထားပေမယ့် ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။
ထိုင်းအစိုးရဟာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ မှုခင်းတွေကို တိုက်ဖျက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်း ဝင်ရောက်ခွင့် ဗီဇာ ကင်းလွတ်ကာလ သတ်မှတ်ချက်တွေကို မေလတုန်းက စတင် လျှော့ချထားခဲ့ပါတယ်။
ကိုးကား: AFP


















































