ရေးသားသူ – သစ်ရွက်
သားထွက်သွားတဲ့နေ့က ဖေဖေအိပ်ပျော်မနေခဲ့ပါဘူး။ တကယ်တော့ဒီတိုင်းပြည်မှာ သားသမီးတွေ ထွက်သွားခဲ့ကြတဲ့ ညတွေမှာဘယ်မိဘတွေမှအိပ်ပျော်နေခဲ့ကြမှာမဟုတ်ပါဘူး။ ဖေဖေတို့အားလုံး အိပ်ချင်ယောင်ဆောင်နေခဲ့ကြတာ ဖြစ်မှာပါ။
ဖေဖေတို့အဆုံးသတ်ခွင့်မရခဲ့တဲ့တာဝန်တစ်ခုကိုသားတို့ အဆုံးသတ်ဖို့လေးလေးစားစားနဲ့ခွင့်ပြုခဲ့ကြတာပါ။
သားကျောပိုးအိတ်ကိုဇစ်ပိတ်တဲ့အသံ၊ ထွက်သွားတဲ့ခြေသံ၊ သားမေမေရဲ့ဓါတ်ပုံရှေ့မှာ ခြေလှမ်း ရပ်သွားတာတွေ၊အိမ်ရှေ့တံခါးကိုပြန်စေ့ခဲ့တာတွေ အားလုံးကိုဖေဖေသတိပြုမိပါတယ်။ နောက်ဆုံးတစ်ကြိမ် သားကိုအားရပါးရပွေ့ဖက်လိုက်ချင်စိတ်ကို ထိန်းချုပ် ထားခဲ့ရတာဖေဖေ့အတွက် အခက်ခဲဆုံးပါပဲ။

Public Service Announcement
သားမျက်လုံးရဲ့အကြည့်၊သားရဲ့ကိုယ်နံ့လေး၊သားရဲ့အပြုံးတွေကို ဖေဖေပွေ့ဖက်ချင်လိုက်တာ။ ဒါပေမယ့်ဖေဖေနားလည်ပါတယ်၊ ဒီလိုတိုင်းပြည်မျိုးမှာကိုယ့်သားသမီးကိုခွဲခွါရတာဟာ ဖေဖေဟာ ပထမဆုံးမိဘမဟုတ်သလို နောက်ဆုံးမိဘလည်းဟုတ်မှာမဟုတ်ပါဘူး။ ဒါတွေကိုအဆုံးသတ်ဖို့ပဲ သားထွက်ခွါသွားခဲ့တာမဟုတ်လား။
မိသားစုတွေခွဲခွါကြရတဲ့တိုင်းပြည်မှာဖေဖေတို့နေထိုင်ကြရတယ်။ လူ့တန်ဖိုးဟာအနိမ့်ဆုံး၊ လူ့အသက်ဟာ ဈေးအပေါဆုံးပေါ့။ အခုတော့လူ့အခွင့်အရေးဟာဂေါ်ဖီထုပ်တစ်ထုပ်လောက်တောင်အဖိုးမတန်တော့ပါဘူး။
အိပ်မပျော်တဲ့ညတွေမှာသားရောအိပ်ပျော်ရဲ့လားလို့တွေးမိတယ်။ သားလှဲနေတဲ့တဲလေးမှာမိုးယိုနေလား၊ စောင်များရှိရဲ့လား၊ သားဖေဖေ့ကိုစိတ်ပူများနေမလား။ သေချာတာကတော့ မေမေ့ကိုသားလွမ်းနေမှာပဲ၊ အဲဒီအခါဘေးကရဲဘော်တွေမမြင်အောင်သားမျက်ရည်တွေခိုးသုတ်နေလိမ့်မယ်။ အိမ်မှာတုန်းက ဖေဖေမမြင်အောင်သားနေခဲ့သလိုပေါ့။
မိုးကြိုးတွေပစ်ရင်တုန်လှုပ်တတ်တဲ့သားဟာ ပေါက်ကွဲသံတွေကြားမှာအဆင်ပြေရဲ့လား၊ သားဒဏ်ရာများ ရနေသလား၊ ညတွေဟာဖေဖေ့အတွက်တော့မေးခွန်းတွေကို လှိမ့်ထုတ်တဲ့စက်ပါပဲ။
တခါတလေမှာ’ရေမွန်’ဆိုတဲ့ အဆိုတော်လူငယ်လေးအကြောင်းကိုဖေဖေတွေးမိတယ်။ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသူလေးပေါ့။ လူပုဂ္ဂိုလ်အရ ရေမွန်ကိုမသိခဲ့ပါဘူး။ သူ့မိခင်ကိုလည်းမသိခဲ့ပါဘူး။ ဒါပေမယ့် သူ့သတင်းကိုကြားတဲ့အခါ သူ့အမေဘယ်လောက်ခံစားရမလဲဆိုတဲ့အတွေးက ဖေဖေ့ကို ခြောက်လှန့်ခဲ့တယ်။ ရေချိုးခန်းထဲမှာဖေဖေကျိတ်ငိုခဲ့တယ်။ ၁၉၈၈ တုန်းက ဖေဖေ့ သူငယ်ချင်းကျသွားတဲ့အခါ ငိုခဲ့သလိုပါပဲ။
အခုတော့ဖေဖေတွေးမိတယ်၊ ဖေဖေတို့ကျိတ်ငိုစရာမလိုပါဘူး။ ငိုတယ်ဆိုတာ လူသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးပါ။ ညတရေးနိုးရင် အခုထိသားအိပ်ခန်းလေးကိုအသာဖွင့်ပြီးသားများ ရှိနေမလားလို့ ချောင်းကြည့်မိနေတုန်းပဲ၊ ညနေတံခါးခေါက်တဲ့အခါသားပြန်လာတာလားလို့မျှော်မိနေတုန်းပဲ။
မျှော်လင်ထားသလိုမဖြစ်တဲ့အခါလည်း မျက်ရည်တွေကိုမထိန်းတော့ပါဘူး။ မျက်ရည်ကျခွင့်ဟာဖေဖေ့ရဲ့ လူ့အခွင့်အရေးမဟုတ်လား။
ဟိုတနေ့က သားရဲ့ငယ်ငယ်ကအရုပ်တွေသိမ်းထားတဲ့ပုံးထဲမှာ သားသိပ်ကြိုက်ခဲ့တဲ့ ကားလေးကိုပြန်တွေ့တယ်။ ဖုံတွေခါပြီးဖေဖေ့အိပ်ယာဘေးမှာထားထားတယ်။ မီးပျက်ပြီးမိုးတွေရွာတဲ့ညတွေမှာသားရဲ့ကားလေးကို ဖေဖေကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ သားဖေဖေနဲ့အတူရှိနေတယ်လို့။
သားရေ…
တကယ်လို့များ သားပြန်လာတဲ့အချိန် ဒီအိမ်ထဲမှာဖေဖေမရှိတော့ဘူးဆိုရင် အရမ်းမခံစားပါနဲ့။ ဘဝကို ဆက်လျှောက်ပါ။ ရွေးချယ်ခွင့်မရှိတဲ့တိုင်းပြည်မှာရွေးချယ်ခွင့်မရှိတဲ့ဘဝတွေနဲ့နေထိုင်ကြရတာကိုး။ သားဘဝကိုဆက်လျှောက်ပါ။ လုပ်စရာရှိတာတွေကိုဆက်လုပ်ပါ။ တစ်နေရာရာကနေ ဖေဖေကသားကို ကြည့်ပြီးအားပေးနေမှာပါ။
အိမ်သော့ကအရင်နေရာမှာပါပဲသား။
