Connect with us

Hi, what are you looking for?

Short Story

“သစ္စာဖောက်”

ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီး‌ခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။

◼️ ငွေကြယ်စင်

ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီး‌ခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။ သူ့ရှေ့မှာ ထိုင်နေကြသူများပင် ဒီအခြေအနေကို အလျင်အမြန် အပြီးသတ်ချင်နေကြပုံ ပေါ်ပါသညိ။ ဘယ်သူဘယ်ဝါမှန်း မသိရအောင် mask ကိုယ်စီ တပ်ထားသော သူတို့၏ မျက်လုံးတွေက ကြောက်စိတ် ရောပြွန်းနေသော အသက်မဲ့မှုကို မြင်နေရသည်။

လက်ထဲကို စာရွက်တရွက်နဲ့ ဘောပင်တချောင်းက ဘယ်လို ရောက်လာတာပါလိမ့်။ သူ့ရဲ့ ကြောင်စီစီ အမူအရာကြောင့် အမေက သူ့လက်မောင်းကိုတို့ပြီး သတိပေးသည်။

အဲဒီတော့မှ ဘာတွေ ရေးထားမှန်းမသိသော စာရွက်အောက်နားလေးမှာ သူ့လက်မှတ်ကို ရေးထိုးလိုက်သည်။ စာရွက်ပေါ်က အကြောင်းအရာတွေ ဘာတွေပဲဖြစ်နေနေ သူသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒီလက်မှတ် ထိုးကိုထိုးရမှာမို့ စာသားကို ဖတ်ကြည့်စရာမလိုဘူးလို့ ထားလိုက်သည်။

Public Service Announcement

Public Service Announcement

စာရွက်ပေါ် လက်မှတ်ထိုးပြီးချိန်မှာ သူသည် တခြားကမ္ဘာက လူတယောက်လို ဖြစ်သွားပြီလို့ ခံစားရလိုက်ရသည်။

သူရဲကောင်းမဖြစ်လို့ ရတယ် သစ္စာဖောက်ဖြစ်လို့ မရဘူး ဆိုတဲ့ ဖတ်ဖူးတဲ့ ကဗျာစာသားကို သတိရမိချိန်မှာ အသံထွက်ပြီး ရယ်လိုက်မိသည်။ သူ့ရယ်သံကြောင့် အားလုံးရဲ့အကြည့်တွေက သူ့ဆီရောက်လာသည်။ အမေရဲ့ ထိတ်လန်တကြား ကြည့်လိုက်သောအကြည့်ကို နားလည်မိလို့ သူ ရူးမသွားသေးကြောင်းပြသဖို့ အရှိန်သတ်လိုက်ပါသည်။ သူရဲကောင်းဖြစ်ဖို့ထက် သစ္စာဖောက်ဖြစ်ဖို့က အဆများစွာ ပိုမို ခက်ခဲ နာကျင်ရကြောင်းကိုတော့ သူ့လောက် ဘယ်သူသိနိုင်မှာလဲ။ တချို့သော ရွေးချယ်မှုတွေက ကမ္ဘာပျက်တာထက်ပင် ဆိုးရွားကြောင်း သိလိုက်ရသော့နေ့ပဲ ဖြစ်ပါသည်။

************************

ဝါသနာရော အသက်မွေးဝမ်းကြောင်းရော ထပ်တူကျနေတဲ့ အလုပ်တခုဆိုတာ အမြဲ ပျော်ရွှင်အောင်မြင်တဲ့ အလုပ် တစ်ခုပဲဖြစ်သည်။ တက္ကသိုလ်က ဘွဲ့ရပြီးထဲက ခုလို သားကြီး တက္ကသိုလ် ရောက်တဲ့ထိ ဆရာမ ဆိုတဲ့ အလုပ်ကို လုပ်ခဲ့သည်။ ဒီအလုပ်နဲ့ပဲ မိအိုဘအိုတွေကို စောင့်ရှောက်နိုင်ခဲ့သည်။ သားနှစ်ယောက်ကို ပညာကောင်းကောင်း သင်နိုင်ခဲ့သည်။ ကိုယ်တိုင်လည်း ဂုဏ်သိက္ခာရှိရှိ နေနိုင်ခဲ့တာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီ။

မမျော်လင့်ထားတဲ့ အခြေအနေတခုမှာတော့ ချောမွေ့နေသော နရီစည်းဝါး အသားတကျရှိသော ဘဝဟာ တချီထဲနှင့် ပင် အလုံးစုံ ပျက်စီးခဲ့ရပြီ။ နောင်တရခဲ့ပါသလားဆိုလျင် ဘယ်တုန်းကမှ နောင်တမရခဲ့သလို ဘယ်တော့မှလည်း နောင်တရမှာမဟုတ်ပါ။ အမှားအမှန်ကို ခွဲခြားနိုင်သူတဦး၏ ကျေနပ်စိတ်နှင့် ကိုယ့်ရွေးချယ်မှုကို ဂုဏ်ယူမဆုံးဖြစ်မိရသည်။

နိုငိငံသားကောင်းတဦးအဖြစ် တာဝန်ကျေခွင့် ရလိုက်တာကပဲ သူ့အတွက် ဆုလဒ်တခုလို။ ခံယူချက်မတူတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဆရာမတချို့ရဲ့ စကားတင်းဆိုမှုက သူ့အတွက်တော့ ပြုံးစရာမျှသာ ဖြစ်ခဲ့ပါသည်။

သူရဲ့ဝင်ငွေ ၅၀% မရတော့တဲ့အခါ မိသားစု လိုအပ်ချက်တွေက နှစ်ဆ ခက်ခဲလာခဲ့သည်။ အသက်ကြီးနေတဲ့ မိအိုဘအို အဒေါ်အို သုံးယောက်အတွက်လည်း ဆေးဝါးဓာတ်စာ အရင်လို မလွယ်ကူတော့။

ယုံကြည်စိတ်ချရတဲ့ ခံယူချက်တူ သူငယ်ချင်းနဲ့ အပြန်အလှန် အားပေးရင်း ခက်ခဲတဲ့ရက်တွေကို တရက်ချင်း ကျော်ဖြတ်နေရသည်။

“နင့်ကိုပြောရဦးမယ်၊ ဟိုရက်ထဲကပြောမလို့ပဲ၊ နေရာအထိုင်မကျသေးတော့ မပြောသေးတာ၊ သားကြီး PDF ထဲရောက်သွားပြီ”

“ဟာ ဝမ်းသာလိုက်တာ”

“စိတ်ပူရတာတော့ ရှိတာပေါ့ဟာ၊ ဒါပေမဲ့ သူက ဒီမှာနေလို့ မရတော့ဘူးလေ၊ သူတို့စိတ်က ဘယ်လိုမှ တားလို့မရတော့ဘူး၊ ငါလည်း ပြင်ဆင်ထားပါတယ်၊ အဆိုးဆုံးကို”

“သူ ဖုန်းပြန်သုံးရတော့ ဓာတ်ပုံလေးတွေ ပို့ပေးတယ်လေ”

သားဦးအရူး ဆိုတဲ့အတိုင်း မိဘအတွက် သားဦး၊ အဖိုးအဖွားအတွက် မြေးဦးမို့ ချစ်ခြင်းက နှစ်ဆပိုသလို စိတ်ပူတာကလည်း နှစ်ဆမကပါပဲ။

ဆရာမအလုပ်ကလွဲပြီး ဘာမှမ လုပ်ခဲ့ဖူးသူမို့ ခုလိုအနေအထားမှာ ပိုက်ဆံရှာရတာ အင်မတန်ခက်ခဲသည်။ လစဉ်လတိုင်း သားဆီကို ထောက်ပံ့ပေးဖို့ ကလည်း မနည်းကို ရုန်းကန်ရသည်။

“ဒါက ထောက်ပံ့တဲ့ပိုက်ဆံ မဟုတ်ဘူးနော်၊ ဂုဏ်ပြုတဲ့ပိုက်ဆံပါ” ဆိုပြီး သူငယ်ချင်းက စာအိတ်အဖြူလေး လက်ထဲလာထည့်တဲ့အခါ သိပ်ကို ကျေးဇူးတင်ရသည်။

အစပိုင်း ကာလတုုန်းကတော့ အဲဒီလိုစာအိတ်မျိုးလေးတွေ သူငယ်ချင်းကတဆင့် ကြိုကြား ရောက်ရောက်လာတတ်‌သော်လည်း နောက်ပိုင်းတော့ မကြုံရတော့။ ဒါကလည်း ခရီးရှည်ကြီးဆိုတော့ အားလုံးက ခြေကုန်လက်ပန်း ကျနေကြပြီမဟုတ်လား။

************************

တနေ့တနေ့ ဂိမ်းဆော့လိုက် ကောင်မလေးနဲ့တွေ့လိုက် အချိန်မတန် အိမ်ပြန်တဲ့အခါ ထမင်းကအဆင်သင့်။ တက္ကသိုလ်ဆိုတာက ကျောင်းကိုရောက်တာ စာသင်ခန်း‌ထဲ ရောက်တာမဟုတ်မှန်း လူတ်ုင်းသိကြပေါ့။ လူငယ်ဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုတွေက ကျောင်းသားဘဝမှာ အများဆုံး ရတတ်တာမျိုးမဟုတ်လား။ အိမ်ကိုလည်း ထိုက်သင့်သလောက်‌တော့ ဒုက္ခပေးမှ လူငယ်ဘဝ ပီသမှာမဟုတ်လား။

ပုံမှန်ဖြတ်သန်းနေသော ပုံမှန်နေ့ရက်များ ပျက်စီးသွားလိမ့်မည်လို့ ဘယ်တုံးကမှ မမျော်လင်ခဲ့ဖူးပါ။ အချိုးအကွေ့က ပျော်ရွှင်ရက်စွဲများဆီကနေ တော်လှန်ရက်စွဲများဆီ ချက်ခြင်း ကူးပြောင်းသွားသည်။ မတရားဖိနှိပ်မှုက ကျရောက် လာတဲ့အခါ တော်လှန်မှုက တာဝန်တခုထက် ပိုပါသည်။ နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက် ဆန္ဒပြနေသောလူအုပ်ထဲ သူတို့သူငယ်ချင်းတွေ အမြဲ မပျက်မကွက်ပါနေကြ။

ခေတ်ကိုပြောင်းအောင် ခေါင်းကိုပစ်ရမည် ဆိုသည့် ဗုဒ္ဓသားတော် အရေခြုံတဦးရဲ့စကားအတိုင်း အပြစ်မဲ့လူငယ်တွေရဲ့ ဦးခေါင်းက အာဏာရှင်တွေရဲ့ယတြာ ဖြစ်လာခဲ့သည်။ လမ်းပေါ်ထွက်ရုံနှင့် မလုံလောက်တော့ပြီ။

“ဟေ့ကောင် သားကြီး ငါတို့ ဒီလိုနေလို့ မဖြစ်တော့ဘူး ထင်တယ်ကွာ “

“ဟုတ်တယ်ကွ၊ ငါတို့ သွားမှဖြစ်တော့မယ်”

“ကောင်မလေးကို ဘယ်လိုလုပ်မလဲ”

“ထားခဲ့ရမှာပေါ့ကွာ၊ မသေရင်တော့ ပြန်တွေ့မှာပေါ့”

သိပ်အများကြီး မတိုင်ပင်လိုက်ရပါဘဲ သူတို့သူငယ်ချငိးတွေ မြို့ကလေးဆီကနေ ထွက်ခွာခဲ့ကြသည်။ မည်သည့် ဖိနှိပ် ကန့်သတ်မှုကိုမှ လက်မခံနိုင်သည့် လူငယ်တွေရဲ့ ဆုံးဖြတ်ချက်သည် တွေဝေခြင်းကင်းသည်။ ပြတ်သားသည်။ လျှင်မြန်သည်။ နောင်တကင်းသည်။ လမ်းခရီးက မျှော်လင့်ထားတာထက်ပင် ချောမွေ့သည်။

ပင်ပန်းဆင်းရဲမှုတွေက ဒါ့ထက်မက မျော်လင့်ထားပြီးသားမို့ ခံနိုင်ရည်ရှိပါသည်။ မိဘအိမ်မဟုတ်သော ဘယ်နေရာကများ ကောင်းနေမှာမို့လို့လဲ။ သူတို့ရဲ့ တခုတည်းသော တော်လှန်စိတ်က အရာရာကို ကျော်လွှားနိုင်ပါသည်။ ဒီလိုနဲ့ပဲ အချိန်အတိုင်းအတာတခု ရောက်လာတဲ့အခါ မျှော်လင့်မထားသော ဖြစ်ရပ်တချို့နဲ့ ရင်ဆိုင်လာရတော့သည်။

နှလုံးသားထဲမှာ အဖြူရောင်သာရှိသည့် လူငယ်တွေအဖို့ တချို့ဖြစ်ရပ်တွေက ထိတ်လန့်စရာကောင်းအောင်

အံ့အားသင့်ရသည်။ ဘယ်လိုပဲ ကျိတ်မှိတ် သည်းခံနေသော်လည်း ခံနိုင်ရည်ကို ကျော်လွန်သွားတဲ့အခါ သူတို့ ဆုံးဖြတ်ချက်တွေ တွေဝေခဲ့ရသည်။

အာဏာရှင်ကို တော်လှန်ဖို့ဆိုသည့် တကြောင်းတည်းသောစိတ်နှင့် အရာရာကို စွန့်လွှတ်လာခဲ့ကြသူတွေမို့ အာဏာရှင်ဆန်သည့် မည်သည့်အပြုအမူကိုမျှ လက်ခံလို့မရတာ သဘာဝကျပါသည်။ လက်ရှိနေရာမှာ ဆက်နေချင်စိတ်က လုံးဝ မရှိတော့ပေမဲ့ ဘာဆက်လုပ်ရမလဲ ဆိုသည့်အဖြေကလည်း မရှိတာမို့ ခါးသည်းတဲ့နေ့ရက်များ ကြာလာသည်။ အမေကရော နောက်တနေရာသွားဖို့ စရိတ် ထောက်နိုင်ပါအုံးမလား။

တနေ့ထက်တနေ့က လည်း ပိုမိုဆိုးရွားသောမြင်ကွင်းတွေကိုသာတွေ့လာနေရသည်။ ပုဂ္ဂိုလ်မခင်တော့တဲ့အခါ မင်စရာတရား မတွေ့နိုင်တာလို့လည်း ပြောလို့ရမယ် ထင်ပါသည်။ အမေ့မှာလည်း ဝင်ငွေမရှိသော စီဒီအမ် ဆရာမမို့

ငွေရှာဖို့ အလွန်ခက်ခဲသော အနေအထားဖြစ်သည်။ မိအို ဖအို အဒေါ်အို သုံးယောက်စရိတ်အပြင် သူ့အတွက် တော်လှန်ရေးစရိတ်ပါဆိုတော့ ခြေကုန်လက်ပန်းကျနေပြီ။ အမေနဲ့ အကြိမ်များစွာတိုင်ပင်ပြီး အိမ်ခဏပြန်နေပြီး ပိုက်ဆံစု၊ ပြီးတော့ အဆင်ပြေတဲ့တနေရာကို ထပ်ဆက်သွယ်၊ အဲဒီလိုဆုံးဖြတ်ပြီး အိမ်ပြန်ခဲ့လိုက်ရတော့သည်။

ရန်ကုန်မှာ အလုပ်သွားလုပ်နေတာလို့ သတင်းလွှင့်ထားပြီး ထွက်ခဲ့တာမို့ အိမ်‌ကို အန္တရာယ်ကင်းကင်း ပြန်ရောက်ခဲ့သည်။ အလုပ်တခုရဖို့ အသည်းအသန် ရှာရသည်။ ပိုက်ဆံရတာနဲ့ ပြန်သွားမည်။ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့က အဆက်အသွယ်မပြတ်ဘဲ သူတို့သဘောကျ တပ်ရင်းတခုမှာ သင်တန်းဆင်းပြီးနေပြီ။ ရှေ့တန်းတောင် တခေါက်လိုက်ခွင့် ရသွားကြသော သူငယ်ချင်းများကိုမြင်တိုင်း အလုပ်ကို ပိုတိုးလုပ်ဖို့ ခွန်အားရသည်။ အရင်က ဘယ်လိုဆိုတာတွေက ခေါင်းထဲကနေ ထုတ်ထားတာကြာပြီ။ ပိုက်ဆံရဖို့ပဲ ခေါင်းထဲရှိသည်။ ကိုယ့်အသက်ကိုယ်စိုက် ကိုယ့်သေနတ် ကိုယ်စိုက်ရသော တော်လှန်ရေးမို့ ပိုပြီးတော့တောင် စိတ်ကျေနပ်ရသည်။

သိပ်မကြာခင် သွားနိုင်တော့မည်။ ညရောက်တော့ သူလာတော့မယ်လို့ သူငယ်ချင်းတွေကို မက်ဆေ့ပို့ပြီး အိပ်ယာဝင် သည်။

***************************************

လူရင်းထိုးတဲ့ဓါးက ပိုနက်တယ်ဆိုတာကို ညသန်းခေါင်လောက်မှာ သိလိုက်ရတာက သွေးပျက်စရာ။ အမျိုးထဲမှာ ရဲတယောက်ရှိနေတာကို သိပ်အာရုံမထားမိကြတာ။ သူနဲ့ဆို ညီအကို နှစ်ဝမ်းပဲကွဲပါသည်။ PDF တယောက်ရဲ့ ပေါက်ဈေးက ဆယ့်ငါးသိန်းတဲ့။ သေနတ်ချိန်ထားတဲ့သူက အမျိုးအရင်းဖြစ်နေတာ ကုသိုလ်ကောင်းတာတဲ့။ သူ အသေခံလိုက်ဖို့ အသင့်ပြင်ထားပါသည်။ အိမ်ရှေ့ဧည့်ခန်းမှာ မြေးဦးမို့ သူ့ကို အသက်လောက်ချစ်တဲ့ သူ့အဖိုး သူ့အဖွား သူ့မိဘရှေ့မှာ ပစ်သတ်ခံလိုက်တာကို သူရွေးချယ်ခွင့် မရလိုက်တော့။

အဲဒီအချိန်ကစလို့ အရာရာဟာ ဘာမှမဟုတ်တော့။

သူ့ရဲ့ရှင်သန်ခြင်းက သူ့ဆန္ဒ မဟုတ်တော့။ သူချစ်ရတဲ့သူတွေ ရှင်နိုင်ဖို့ သူ့ဘဝရော သူစိတ်ရော သေသွားရပြီ။ဘယ်သူက နားလည်ပေးနိုင်ပါလဲ။ နားလည်နိုင်တော့ရော ဘာတတ်နိုင်မှာလဲ။ တခုတည်းပေးပြီး ကြိုက်တာရွေးရတဲ့ရွေးချယ်ခွင့်တွေမှာ ငရဲထက်ဆိုးရွားတဲ့ နာကျင်မှုတွေအကြောင်း ဘယ်သူ့ကိုမှ မပြောပြချင်တော့။ ဒီတိုင်းပြည်မှာ လူငယ်လာဖြစ်ရတဲ့ ကံဆိုးမှုအားလုံးကို နောက်ထပ် မကျန်တော့တဲ့အထိ သူ သိမ်းပိုက်ထားလိုက်ပြီလို့ အကောင်းဘက်က လှည့်တွေးလိုက်ပြီး အားလုံးရဲ့ ရွံရှာစက်ဆုပ်တဲ့ အကြည့် အပြုံး အပြော အတွေးတွေကို ခံယူဖို့ မနက်မိုးလင်းအောင် စောင့်နေလိုက်ပါတော့သည်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ငွေကြယ်စင်’ ရေးဖွဲ့ခဲ့တဲ့ “​သစ္စာ​ဖောက်” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Short Story

ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် ...၂၀၀ တန် ၃ ရွက် ... ၅၀၀ တန် ၂ ရွက် ... ၅၀ တန်လေး ၂ ရွက် ... တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ...

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . Public Service Announcement နေစရာနေရာလည်း မရှိ၊စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာထမင်းလေးရေလေး ပေးသနားကြပါခမျာ မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊နဖူးအမာရွတ်ရှိ၊ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့...

ကဗျာ

ဂနိုက် ကျန်ရစ်ခဲ့ပြီ သူ့မိသားစုလေး သူ့အိမ်အိုလေး ထားသွားခဲ့ပြီ Public Service Announcement သူ့သမီးငယ်လေးကိုရော ချစ်ဇနီးသည်လေးကိုရော ချန်ထားခဲ့ပြီ သူယုံကြည်တဲ့တော်လှန်ရေးနဲ့သူမြင်ချင်တဲ့လွတ်လပ်ရေးကို နောက်ဆုံး အလေးပြုချိန် စစ်ရေးပြရဲဘော်တွေအားလုံးကလဲမျက်ရည်တွေ၀ိုင်း လက်သီးဆုပ်တဖက်ကကျစ်လို့မာလို့ နောက်တဖက်က လက်၀ါးဖြန့်မျက်ခုံးနားကပ် တုန်လို့ခါလို့ “နေမြဲ” လက်တွေရုတ်ကနဲ သူ့ဇနီးသည်လေး အရုပ်ကျိုးပျက်လဲကျ သူ့သမီးငယ်လေးက...

ကဗျာ

ဆူဏီးလ် သေနေတဲ့ သစ်ခွပင်ပေါ်ကနေရောင်ခြည်ကို ဖန်ပုလင်းလွတ်တစ်လုံးထဲ တွန်း Public Service Announcement တွန်းပို့နေမိတယ်။ လိပ်ပြာကလေးတောင်ပံအောက်မှာ နှင်း နှင်းကျနေတုန်းပဲ ဧပရယ်နွေနံနက်ခင်းတွေရယ်။ ဗုံးချခံလိုက်ရသလို ကစဥ့်ကလျားစစ်မြေပြင် အစာကောက်ငှက်ကလေးတွေရယ်။ အာလူးခင်းထဲပြေး ပြေးဝင်နေတဲ့ မီးရထားတစ်စင်းရဲ့ ခေါက်တုံ့ခေါက်ပြန်မီးခိုးတွေရယ်။ လေတိုးမခံတော့တဲ့အရိုးတွေပဲ ရ ရတဲ့စျေးနဲ့ထုတ်ချင်နေတဲ့ ပေါ်ပီပန်းပင်တွေရဲ့ဖျားနာသံရယ်။...