နွေဦးတော်လှန်ရေး ကာလ ၄ နှစ်နီးပါးရှိလာတဲ့အခါ ကျားဖြန့်လိုခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေက PDFတွေကိုဦးတည်ပြီးပစ်မှတ်ထားလိမ်လည်လာတာတွေရှိတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း ဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။သူတို့တပ်ရင်းထံကို ပြီးခဲ့တဲ့ သီတင်းတစ်ပါတ်ခန့်က အွန်လိုင်းကနေ စနစ်တကျနဲ့ လာရောက် လိမ်လည်တဲ့ ဖြစ်စဉ်တစ်ခုကို သူကပြောပြပါတယ်။
သူတို့တပ်ရင်းကို လိမ်လည်လာသူက ထိုင်းနိုင်ငံက သစ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦး ဖြစ်တယ်လို့ လိမ်ပါတယ်။ လိမ်လည်သူက လူငယ်တစ်ယောက်ရဲ့ မိသားစုနဲ့ ရိုက်ထားတဲ့ ပုံကို သုံးကာ တပ်ရင်းဖေ့ဘုတ်စ်ပေ့ချ် မက်ဆင်ဂျာက လာရောက်လိမ်တာလို့သူရပါတယ်။

Public Service Announcement
“သူက တပ်ရင်းက ဘဏ်အကောင့်ထဲကို ထိုင်းဘတ်ငွေ နှစ်သောင်းလွဲလိုက်မယ်။ ဘတ် တစ်သောင်းက တပ်ရင်းကိုလှူမယ်။ အခြားအဖွဲ့တဖွဲ့ကို တစ်သောင်း မြန်မာငွေနဲ့ ပြန်လွှဲပေးဖို့ ကူညီပေးပါဆိုပြီး ကျွန်မတို့ တပ်ရင်းကို ဆက်သွယ်လာတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်းဆိုတော့ ကူညီပါ့မယ်ဆိုပြီး ကတိပေးလိုက်တယ်။”
“တကယ်တမ်းလွှဲလိုက်တော့ ၂ ဘတ်ထဲရယ်။ မက်ဆင်ဂျာပို့လိုက်တဲ့စလစ်မှာက ဖိုတိုရှော့နဲ့ ပြင်ပြီး ဘတ် ၂၀၀၀၀ လုပ်ထားတယ်။ တကယ်လို့ တပ်ရင်းကသတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းအတိုင်း သေချာမစစ်ဘဲ လွှဲလိုက်ရင် မြန်မာငွေ ၁၄ သိန်းလောက် ဆုံးသွားမှာ” လိုသူကပြောပါတယ်။
လိမ်လည်တဲ့ သူက တပ်ရင်းဘဏ်အကောင့်ကို ထိုင်းဘတ်ငွေ ၂ ဘတ်ပဲလွှဲထားတဲ့ စလစ်နဲ့ အခြားသူ့တစ်ယောက်ကို ဘတ် ၂၀၀၀၀ လွှဲထားတဲ့ စလစ်နှစ်ခုကို ဖိုတိုရှော့နည်းပညာနဲ့ ပြုပြင်ကာ လိမ်လည်ခဲ့တာလို့ သူကပြောပါတယ်။
လာရောက်လိမ်လည်ရာမှာ ဘဏ်စလစ်စခရင်လျော့ကို ဖိုတိုလျော့နဲ့ ပြင်ထားပေ့မယ်။ ဘဏ်ငွေလွှဲQRကုတ်ကို မဖျက်ထားတဲ့အတွက် Scanဖတ်ချိန်မှာ တပ်ရင်းရဲ့ ဘဏ်အကောင့်ကို ဘတ်ငွေ ၂၀၀၀၀ လွှဲထားတာမဟုတ်တာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
“လိမ်နည်းတွေက မျိုးစုံပါပဲ။ အရင်ကတည်းက ကုမ္ပဏီကြီးတစ်ခုက ဘဏ္ဍာရေးဌာနမှ လုပ်ဖူးလို့ ငွေနဲ့ ပတ်သတ်လာရင် လိမ်နည်းတွေကို သတိထားလို့ အလိမ်မခံရတာပါ။ သတိမထားမိတဲ့ အဖွဲ့တွေဆိုရင် အလိမ်ခံရလိုက်ရမှာ”လို သူဆက်ပြောပါတယ်။
PDFတွေကို ပစ်မှတ်ထားငွေကြေး လိမ်နည်းထဲမှာ လက်နက်ခဲယမ်းအပါအဝင် တော်လှန်ရေးပစ္စည်းတွေဝယ်ပေးမယ်ဆိုပြီး လိမ်လည်တာ အပြင် အခုအခါ အွန်လိုင်းကလိမ်လည်မှုတွေက ၂၀၂၃မှာ ပိုမိုများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။
အဲဒီလိမ်လည်မှုတွေထဲမှာ တော်လှန်ရေးအဖွဲ့တွေကိုလက်နက်နဲ့ ကျည်တွေလှူပေးမယ်သယ်ခကြိုပေးပါဆိုပြီး ကြိုတောင်းတာမျိုး ၊ PDFတပ်ရင်းထဲဝင်ချင်တယ်ဆိုပြီး ဆက်သွယ် ခရီးစရိတ်လွှဲခိုင်းပြီးလိမ်တာမျိုး ၊ တပ်ရင်းတပ်ဖွဲ့ဟန်ဆောင်ပြီး အလှူခံတာ၊ တပ်ရင်းတပ်ဖွဲ့ဆီကို ငွေမလွှဲပဲ ဂုဏ်ပြုလက်မှတ် လိမ်ညာတောင်းကာ အလှူငွေကို ကြားဖြတ်ယူထားတဲ့ လိမ်နည်းစသည့်ဖြင့်မျိုးစုံရှိကြပါတယ်။
လိမ်လည်သူတွေက ထောက်ပို့ ဘုန်းကြီးလို့ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်နဲ့ ကျည်ဆံလှူပေးမယ်။ သယ်ယူခကို တပ်ရင်းတပ်ဖွဲ့တွေက ကျခံပေးပါဆိုပြီး ငွေလိမ်တောင်းတာက ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ပြီး တော်လှန်ရေးအဖွဲ့များကို ဖုန်းနဲ့ ဖေ့ဘုတ်စ်ပေ့ချ် မက်ဆင်ဂျာတို့က ဆက်သွယ်လိမ်ခဲ့လာကြတယ်လို့ အလိမ်ခံခဲ့ရတဲ့ အဖွဲ့တွေကပြောပါတယ်။
အဲဒီလိမ်လည်နည်းတွေက တော်လှန်ရေးအစပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရဲ့ လက်နက်ခဲယမ်းလိုအပ်ချက်ကို အခွင့်ကောင်းယူ လိမ်လည်ခြင်းဖြစ်တယ်လို့ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ ခေတ်စားလာတာကတော့စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အနယ်နယ်အရပ်ရပ်မှာ လူငယ်တွေကPDF တပ်ဖွဲ့တွေဆီဆက်သွယ်ဝင်ရောက်နေကြချိန်မှာ လိမ်လည်သူတွေကလည်း အမျိုးသမီးငယ်တွေအယောင်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့ဝင်ရောက်လိုတယ်လို့ ဆက်သွယ်ကြပါတယ်။ အဲဒီလိုဆက်သွယ်ပြီးတော့ ငွေလိမ်တာပါပဲ။
ငွေလိမ်တဲ့သူတွေက အွန်လိုင်းက ချောမောလှပတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံကို အသုံးပြု တပ်ရင်းတွေကို ဆက်သွယ်လာကြတာပါ။ မိဘက ခွင့်မပြုလို့ တပ်ရင်းထဲကို လာဖို့ လမ်းစရိတ်မရှိတာမို့ လမ်းစရိတ်တောင်းတာမျိုးပါ။ ငွေရပြီးသွားရင် အဆက်အသွယ်မလုပ်တော့ဘဲ ဘလော့သွားမျိုးလုပ်ပါတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
“ကျွန်မတို့ တပ်ရင်းက တပ်ရေးဗိုလ်ကြီးလေ တပ်ရင်းကို ကောင်မချောချောလေးလာတော့မယ်ကွဆို ပတ်ကြွားထားတာ။ ဟိုက လမ်းစရိတ်လဲလွှဲပြီးကော သူကို ဘလော့သွားတယ်။ ခံလိုက်ရတယ်။ အပြင်လည်း ထုတ်မပြောရဲဘူးလေ။ သူအရှက်ကွဲမှာစိုးလို့”လို့ PDFခရိုင်တပ်ရင်းတစ်ခုက ဘဏ္ဍာရေးတာဝန်ခံ ရဲမေတစ်ဦးကပြောပါတယ်။
ဒီလိုလိမ်လည်မှုတွေက အခြားတပ်ရင်းတွေလည်း ကြုံကြရပါတယ်။ တပ်ရင်းက ရဲဘော်တစ်ဦးက အမျိုး သမီးငယ်တစ်ဦးက တပ်ရင်းကို လာမယ်လို့ဆက်သွယ်လာတဲ့အတွက် လမ်းစရိတ် ကျပ် ၂သိန်းလွှဲပေးလိုက်နောက် ဖေ့ဘွခ်ကနေ ဘလော့သွားတယ်လို့ ပခုက္ကူခရိုင်တပ်ရင်းတစ်ခုက ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“ရဲဘော်က ကောင်မလေးကို အစစ်အမှန်ထင်တာ ပြီးတော့ တကယ်အဖွဲ့ထဲလာချင်တယ်လို့ ထင်သွားပြီး ငွေလွှဲပေးလိုက်တာလေ။ အခုတော့ ဖွန်ကြောင်ခ ဖြစ်သွားတာပေါ့”လို သူကဆက်ပြောပါတယ်။
နောက်တမျိုးလိမ်လည်တာကတော့ အလှူရှင်တွေက လှူဒါန်းတဲ့ ငွေတွေကို လက်ခံပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မလှူဘဲ ကိုယ်ကျိုးအတွက် သုံးပစ်တာပါပဲ။ သူတို့က ဂုဏ်ပြုမှတ်တမ်းကိုအဖွဲ့တွေစီက ကြိုတောင်းပြီး ငွေလွှဲမပေးတော့တာပါပဲ။
“တပ်ရင်းကို ဂုဏ်ပြုမှတ်တမ်းကျပ်သိန်း ၄၀ထုတ်ပေးပါပြီးရင် ငွေလွှဲပေးမယ်ဆိုပြီး ဆက်သွယ်လာတယ်။ ဘဏ္ဍာရေးတာဝန်ခံကလည်း သဘောရိုးပဲ ထုတ်ပေးလိုက်တယ်။နောက်တော့ ငွေလဲလွှဲမပေးဘူး”လို ဂန့်ဂေါခရိုင်တပ်ရင်းတခုက တာဝန်ခံကပြောပါတယ်။
နောက်တော့မှ အလှူရှင်က တပ်ရင်းပေ့ချ်ကို လာဆက်သွယ်ပြီး တပ်ရင်းက ဂုဏ်ပြုမှတ်တမ်းဟုတ်မဟုတ်မေးတဲ့ အခါမှ ကြားကလူက အလှူရှင်ဆီကနေ ကျပ်သိန်း ၄၀ ကို ယူသွားပြီး တပ်ရင်းကို ငွေမလွဲဘဲ ဂုဏ်ပြုလက်မှတ်ကို လိမ်ယူသွားတယ်ဆိုတာ သိရတယ်လို့ သူကဖွင့်ဟပါတယ်။
နောက်ထပ်လိမ်နည်းတခုက PDFတပ်ဖွဲ့ နဲ့ ထောက်ပို့တွေဆီကို ပစ်မှတ်ထားလိမ်လည်လာတာကတော့ ငွေလွှဲပြောင်းတဲ့ နည်းအသစ်ဖြစ်ပါတယ်။ ငွေလွှဲတဲ့စလစ် စခရင်လျော့ကိုဖိုတိုလျော့နည်းပညာနဲ့ ပြုပြင်ပြီး ငွေလိမ်တာဖြစ်ပါတယ်။ တပ်ရင်းထောက်ပို့တစ်ဦးထံကို ဒေါ်လာ ၁၀၀ လွှဲတာမှာ ဒေါ်လာ ၁၀၀၀ မှားလွှဲမိတယ်လို့ စခရင်လျော့ကို ဖိုတိုရှော့နဲ့ ပြင်ပြီး ဒေါ်လာ ၉၀၀ ပြန်လိမ်တာဖြစ်ပါတယ်။ ဒီလိုလိမ်တဲ့နေရာမှာ ငွေလွှဲကို သေချာမစစ်မိတဲ့အတွက် အလိမ်ခံရတာဖြစ်ပါတယ်လို့ အဆိုပါထောက်ပို့တစ်ဦးကပြောပါတယ်။
“လိမ်နည်းတွေက ခေတ်မှီလာတယ်။ ပညာသားပါလာတယ်။ နောက်ပြီး ရက်စက်တယ်လာလို့ပြောရမယ်။ တောထဲတောင်ထဲက ဒုက္ခခံနေတဲ့ ကလေးတွေစီက ပိုက်ဆံကို လိမ်ယူချင်လာကြတယ်”လို့ အဆိုပါထောက်ပို့ကပြောပါတယ်။
မင်းဘူးခရိုင်တပ်ရင်း(၆)ကိုလာလိမ်သူက မြန်မာစာကို သတ်ပုံမှန်အောင်မရေးနိုင်တာရယ်၊ တပ်ရင်းကို အစစ်အမှန်လှူဒါန်းသူတွေမေးနေကြမေးခွန်းများမမေးဘဲ ဘဏ်အကောင့်ကို တိုက်ရိုက်တန်းတောင်းရယ်စတဲ့ အချက်တွေကြောင့် သံသယဖြစ်လို့ သေချာစစ်ဆေးခဲ့တာလို့ အဆိုပါတပ်ရင်းဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။
“အလုပ်သမားတွေစုပြီးလှူတာလို့သူကပြောတယ်။သူပြောတဲ့ထိုင်းနိုင်ငံကနေရာရယ်။သူပြောတဲ့ပုံစံတွေက မှုမှန်မဟုတ်ဘူးလေ၊ ဒါကြောင့် သံသယဖြစ်လို့ သေချာစစ်မိလိုအခုလိုအလိမ်မခံခဲ့ရတာ” လို့ သူကပြောပါတယ်။
တော်လှန်ရေးလုပ်နေသူတွေကို အွန်လိုင်းလိမ်လည်သူတွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း၊ ခရိုင်တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ဒီလို ကိုယ်ကျိုးမဖက်ဘဲ အသက်ပေးထားတဲ့ သူတွေကို ဦးတည်လိမ်တာက လူနှစ်မျိုးဘဲရှိမယ်။ တစ်မျိုးက ငွေရရင် ဘာမဆိုလုပ်မယ်သူတွေနဲ့ နောက်တမျိုးက တော်လှန်ရေးကို ဖျက်ဆီးချင်တဲ့ စကစ ဘက်ကလူတွေလည်းဖြစ်နိုင်တယ်”လို့ သူကပြောပါတယ်။
ဒီလိုလာလိမ်တာကို ဝမ်းနည်းတယ်လို့ မင်းဘူးခရိုင်၊ တပ်ရင်း (၆) ဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။
“ဒီလူလာလိမ်တဲ့ အချိန်မှာ ကျွန်မတို့က ရှေ့တန်းက စစ်ကြောင်းနဲ့တိုးလို့ မိုးရွာထဲမှာ အထုတ်ပိုက်ပြီး ငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာ အခုလို လာလိမ်တာ အရမ်းဝမ်းနည်းသွားတယ်။ လုပ်ရပ်လေခြင်းလို့ တနှံနှံတွေးရင်း ဒေါသထွက်နေရတလေ”လို့ သူကဖွင့်ဟပါတယ်။
ဒါကြောင့် သူက ဒီအွန်လိုင်းက လိမ်တဲ့သူကို စကားတခွန်းပြောခဲ့တယ်လို့ သူကပြောပါတယ်။
“ခင်ဗျားတို့ နောက်ဘဝ လူမဖြစ်ချင်တဲ့ နိုင်ငံကြီးကို ပိုကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကြိုးစားနေတဲ့ ကျွန်မတို့စီက ငွေလာလိမ်လာအရမ်းဝမ်းနည်း။ ခင်ဗျားတို့အတွက် အသက်ပေးတိုက်နေရတာ တန်ရဲ့လားလို့ သံသယတောင်ဖြစ်လာတယ်”လို့ သူကပြောပါတယ်။
ဒါပေမယ့်လဲ နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ ချီပြီး စီးပွားဖြစ်နေတဲ့ ဒီလို အွန်လိုင်းလိမ်ညာမှုတွေဟာ ဒီလိုစကားတခွန်းကြောင့် ရပ်တန့်မှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ ။


















































