Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်တိုက်ပွဲဖြစ်ရာအနီး ကျေးရွာကို လေကြောင်းတိုက်ခိုက်၍ မီးနေသည်တစ်ဦး အပါအဝင် သုံးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

သတင်းအချက်အလက် ကောက်ယူရန် အခက်အခဲများကြောင့်မြေပြင်တွင် အရပ်သားသေဆုံးထိခိုက်မှု အရေအတွက် ပိုများသည်ဟု လည်း အသိပေးထားသည်။

(နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA)

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ လက်တလောတိုက်ပွဲဖြစ်ပွားနေသော နေရာနှင့် (၄)မိုင်ခန့်သာဝေးသော ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁ရက် နံနက်တွင် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၃ကြိမ် ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း TNLAကနိုဝင်ဘာ ၂ရက်ညပိုင်းတွင် အသိပေးသည်။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် ပြည်သူများ ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ကလေးမီးဖွားပြီး ၃ရက်သာရှိသေးသည့် ကလေးမိခင် တစ်ဦး၊ အသက် (၇၀)အရွယ် အဖိုးအို တစ်ဦးနှင့် အသက် (၅၀)ခန့်ရှိ အမျိုးသားတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးကာ သံဃာ ၂ပါးနှင့် ပြည်သူ လေးဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် သကြားစက်ရုံနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ဆမ္မဆယ် ကျေးရွာနှင့် လက်ရှိတိုက်ပွဲဖြစ်နေသော နောင်ချိုမြို့နယ် ဂန့်ဂေါကျေးရွာမှာ (၄)မိုင်ခန့်သာ ကွာဝေးသည်။

ဂန့်ဂေါကျေးရွာအနီးတွင် နိုဝင်ဘာ ၂ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း နောင်ချိုမြို့မှ PDF ရဲဘော်တစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက် က စစ်‌ကြောင်းထိုးဝင်ရောက်လာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ ရောက်ရှိလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီတပ်သားအချို့ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ဂန့်ဂေါကျေးရွာကြား၌ နယ်ကျွံဝင်လာ၍ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေဆုံးမှုများခဲ့သည်ဟု နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောထားသည်။

ထို့နောက် အောက်တိုဘာ ၂၇ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသုံးပြီး ဂန့်ဂေါရွာအား စစ်ကြောင်းထိုးလာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များက ဆုတ်ခွာပေးထားရကြောင်း အဆိုပါစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက ဂန့်ဂေါကျေးရွာအား ပိတ်ဆို့ထားကြောင်း ၎င်းက ပြောသည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်ကွာဝေးသော နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီး၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၂၇ရက်ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်နေ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်းစစ်ဆင်ရေးများဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

တအာင်းအမျိုးသမီးအဖွဲ့(TWO) အပါအဝင် အရပ်ဘက်အဖွဲ့ ၅ခုဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်၏ အောက်တိုဘာ ၂၇ရက်ထုတ် အစီရင်ခံစာတွင် ပြီးခဲ့သည့် တစ်နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ရှမ်းမြောက် မြို့နယ် ၁၄ခုရှိ ဒေသခံ ပြည်သူ အနည်းဆုံး ၃၃၀ ကျော်သေဆုံးကာ ၆၇၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်းအချက်အလက် ကောက်ယူရန် အခက်အခဲများကြောင့်မြေပြင်တွင် အရပ်သားသေဆုံးထိခိုက်မှု အရေအတွက် ပိုများသည်ဟု လည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။