Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇စစ်ဆင်ရေးအတွင်း ကျဆုံးစစ်သည်များအတွက် စစ်ဆင်ရေးနှစ်ပတ်လည်နေ့တွင် TNLA အလှူဒါနပြုလုပ်

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေး အင်အားစုများ ပူပေါင်းပါ၀င်ခဲ့ဟု အသိပေး

၁၀၂၇စစ်ဆင်ရေးအတွင်း ကျဆုံးစစ်သည်များအတွက် စစ်ဆင်ရေးနှစ်ပတ်လည်နေ့တွင် TNLA အလှူဒါနပြုလုပ်နေစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် တအာင်းတပ်မတော် (TNLA) တပ်မတော်သားများနှင့် ပူးပေါင်းတပ်မှ တပ်မတော်သားများအား ရည်စူး၍ စစ်ဆင်ရေးတစ်နှစ်ပြည့်ဖြစ်သည့် ယနေ့ အောက်တိုဘာ၂၇ရက်တွင် အလှူဒါနပြုလုပ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အဆိုပါ ကျဆုံးစစ်သည်များအတွက် ရည်ဇူးအလှူပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ကျဆုံးစစ်သည်များသည် တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအား ရက်ရက် စက်စက်သတ်ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇စစ်ဆင်ရေး တစ်နှစ်အတွင်း အပိုင်း ၂ပိုင်းဖြင့် စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရာ အပိုင်း(၁)တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန်ကျန်ရှိသည်ဟု အသိပေးသည်။

TNLAနည်းတူ ကိုးကန့်တပ်မတော်(MNDAA)ကလည်း လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်ထားသည်။

စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဥ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်ကြောင်းလည်းဖော်ပြသည်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ် တင်းတင်း ပြည့်မြောက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲ‌သော စစ်ဆင်ရေးလည်း ဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည်ရရှိရေး ကြိုးပမ်းနေပြီး လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ကာ TNLAနှင့် MNDAA ထိန်းချုပ်ထားသည့် မြို့ရွာများကို အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။