Connect with us

Hi, what are you looking for?

သတင်း

တရုတ်လုပ်ငန်းစုပိုင်သကြားစက်ရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ တစ်ဦး သေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

(စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော ဆင်းရွှေလီသကြားစက်ရုံ ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော ဆင်းရွှေလီသကြားစက်ရုံ ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA)

ဟန်နွေ/People’s Spring

တရုတ်လုပ်ငန်းစုပိုင် နောင်ချိုမြို့နယ်ရှိ ဆင်းရွှေလီသကြားစက်ရုံအား စစ်ကောင်စီက နိုဝင်ဘာ ၁၈ရက်ညပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

နောင်ချိုမြို့ အင်းဝိုင်းကျေးရွာရှိ အမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဟု တအာင်းတပ်မတော် TNLAက သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်ခံရသည့် အမှတ်(၃)ဆင်းရွှေလီသကြားစက်ရုံသည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် တည်ရှိသည်။ အဆိုပါ အင်းဝိုင်းကျေးရွာတွင် အမှတ်(၂) ဆင်းရွှေလီသကြားရုံလည်း ရှိသည်။ ထို့အပြင် ဆမ္မဆယ်ကျေးရွာတွင်လည်း အမှတ်(၁)ဆင်းရွှေလီသကြားစက်ရုံရှိသေးသည်။

အဆိုပါ စက်ရုံနေရာများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း TNLAက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆင်းရွှေလီသကြားရုံလုပ်ငန်းသည် မန္တလေးမြို့အခြေစိုက်တရုတ်လုပ်ငန်းစုဖြစ်သော ငွေရည်ပုလဲကုမ္ပဏီ၏ လက်အောက်ခံလုပ်ငန်းဖြစ်သည်။

အဆိုပါ ငွေရည်ပုလဲကုမ္ပဏီအား သျှမ်းပြည်ရင်းနှီးမြုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ Shan State Frontline Investment Monitor က အမည်ပျက်စာရင်းကြေညာထားသည်။

ငွေရည်ပုလဲသည် မန္တလေးအခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ကြီးမားသော ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းများနှင့် ဘိလပ်မြေ၊ သကြားနှင့် ဓာတ်မြေသြဇာစက်ရုံများကို လည်ပတ်လုပ်ကိုင်နေပြီး ၎င်း၏ လုပ်ငန်းခွဲဖြစ်သော မန္တလေးဖြန့်ချီရေးနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ငွေရည်ပုလဲသည် ရှမ်းပြည်နယ်ရှိ သီပေါ၊ ရပ်စောက် (လောက်ေစော်)၊ နမ့်စန် ၊ ကျောက်မဲနှင့် ကျေးသီးမြို့နယ်များရှိ ကျောက်မီးသွေးတွင်းများကို လုပ်ကိုင်လျက်ရှိသည်။ ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ပြီးကတည်းက မြန်မာစစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နီးကပ်စွာ ဆက်ဆံမှုရှိခဲ့သည်ဟု SSFIM က ဖော်ပြထားသည်။

ထို့အပြင် ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးစိန်မျိုးအောင်သည် ယခင်က မကွေးနှင့် စစ်ကိုင်းတို့တွင် အဂတိလိုက်စားမှု ဖြင့်လူသိများသော လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်းတစ်ဦးဟုလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၆ရက်ကလည်း နောင်ချိုမြို့နယ် လုံစံရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၁၂)နှစ်အရွက် ကလေးတစ်ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်အတွင်း ပြည်သူများ နေထိုင်ရာသို့ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁၂ရက်တွင် လန်းဆန်း လက်ဖက်ရည်ဆိုင် လေကြောင်း တိုက်ခိုက်ခံရပြီး ခရီးသွားများ အပါအဝင် ပြည်သူ ၁၁ဦးသေဆုံးကာ ၁၁ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်တွင်လည်း နောင်ချို့မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသား ၄ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် TNLA သိမ်းထားသည့် မိုးကုတ်၊ ကွတ်ခိုင်၊ မိုင်းငေါ့မြို့များကိုလည်းပြီးခဲ့သည့်တစ်ပတ်တာအတွင်းလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများစွာဖြစ်ခဲ့ရသည်။ နိုဝင်ဘာ ၁၁ရက် မိုးကုတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာ ၁၇ရက်ည သန်းခေါင် ကွတ်ခိုင်မြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာ ၁၇ရက် မနက်ကလည်း မိုင်းငေါ့မြို့ကိုလေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ဦး ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာ ၁၁ရက်မှ ယမန်နေ့ညအထိ TNLA ထိန်းချုပ်ဒေသများကို စစ်ကောင်စီက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ ဦးထက်မနည်းသေဆုံးကာ ၅၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook