ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေးတတိယမြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၆ရက်တွင် ဗန်းမော်မြို့မ ရဲစခန်း၊ ဌာနဆိုင်ရာစုပေါင်းရုံးတို့ကို တိုက်ခိုက်ရှင်းလင်းနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အဝင်တွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ စစ်ရေးအခြေအနေကို ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့ရာ “မြို့မရဲစခန်း၊ ရုံးကြီး(ဌာနဆိုင်ရာ စုပေါင်းရုံး)အားတိုက်ခိုက်ရှင်းလင်းနေ။ စကခ -၂၁အ၀င်မှာ တိုက်ပွဲဖြစ်။ ယခု မ၃၁၉(ခမရ−၃၁၉)၊ လ၄၇(ခလရ−၄၇)သို့ Y12မှ အထုပ်များချ။တာမိုင်းလုံရွာ လေယဥ်ဗုံးကျ”ဟု ဖော်ပြသည်။

Public Service Announcement
“ရုံးကြီးက အင်္ဂလိပ်တွေ ဆောက်ထားတာ။ နှစ်ထပ် အခန်းပေါင်း ၃၀၀ လောက်ရှိပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
KIAအနေဖြင့် စစ်ဆင်ရေးပထမနေ့တွင် ခလရ(၄၇)တပ်ရင်း၏ ကာကင်းစခန်းအချို့အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာ ၁၀ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်ကောင်စီ တပ်စွဲရာနေရာ ၅ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလင်းဝင်ရောက်သူများလည်းရှိသည်ဟု ဆိုသည်။ ထို့ပြင် စစ်ဆင်ရေး ပထမနေ့တွင်လည်း စစ်ကောင်စီတပ်မှ တင့်ကားတစ်စီး အပါအဝင်လက်နက်ခဲယမ်းများ KIAက သိမ်းရထားသည်ဟု သတင်းရင်းမြစ်က အသိပေးသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးများအားလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း ယမန်နေ့ညပိုင်းက ပြောထားသည်။
ဗန်းမော်မြို့တိုက်ပွဲကို စစ်ကောင်စီက လေကြောင်း ၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပြသော်လည်း သေဆုံးထိခိုက်မှုအရေအတွက် စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာ ၄ရက်နှင့် ၅ရက်က ပိတ်မိနေသည့် ဗန်းမော်မြို့ခံများအနက် ယနေ့ (ဒီဇင်ဘာ ၆ရက်) တွင် ကုန်းလမ်း၊ ရေလမ်းမှ စစ်ရှောင်နေမှုများရှိသည်ဟု ဒေသခံများက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြအသိပေးထားသည်။
ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး KIAမဟာမိတ်တပ်များက ထိုးစစ်ဆင်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။


















































