စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြောက်ပြင်တစ်နေရာတွင် ယနေ့(အောက်တိုဘာ ၃၀ရက်)မွန်းလွဲပိုင်းက စစ်ကောင်စီတပ်မှ ယာဉ်၇စီးပါ ယာဉ်တန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးထိခိုက်ခဲ့ကြောင်း Tigyaing Revolution(TR)က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၂စီး ပျက်စီသွားကြောင်း၊ ကားပေါ်ပါ စစ်သားများ ထိခိုက်မှုရှိပြီး ကားပေါ်ပါသည့် ရိက္ခာများလည်း လမ်းပေါ် ပြန့်ကျဲနေကြောင်း KIA တိုက်ပွဲသတင်းများကို လူမှုကွန်ရက်မှ တစ်ဆင့် ပုံမှန်ဖော်ပြနေသည့် ကချင်သတင်းရင်းမြစ်က ပြောသည်။
ထီးချိုင့်တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှုကို အတည်ပြုသကဲ့သို့ KIAနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်းလည်း အတည်ပြုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်အတွင်းသို့ ကုန်းကြောင်းအပြင် ရေကြောင်းမှလည်း တပ်များ ဖြန့်ချထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“ဒေသအခြေအနေက ဒီကောင်တွေ ဗျူဟာဆန်းပြားတယ်။ ဟိုတစ်နေ့က ညနေပိုင်းကို ကသာအထက်က ရှပ်ပြေးရေယာဉ်နဲ့ ၅စီးလို့ပြောတယ်။ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ တစ်ရွာကို ၂၀၊ ၃၀ ချပြီးဆင်းတာ ထီးချိုင့်ကမ်းနီရွာအထိလို့ပြောတယ်” ဟု အဆိုပါ ထီးချိုင့်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်များသည် ရေယာဉ်ပေါ်မှ ဆင်းပြီး ခြေလျင်စစ်ကြောင်းထိုးက PDFများ ရှိမည်ထင်သည့် နေရာအချို့သို့ ဝင်ရောက်စီးနင်းခဲ့သည်ဟုဆိုသည်။ သို့ရာတွင် PDF ဘက်က ထိခိုက်မှု မကြားရဘဲ ဖြစ်စဉ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိသည်ဟု ကြားရကြောင်း ၎င်းက ပြောသည်။
“ ခြုံပြောရရင်သူတို့ ဗျူဟာပြောင်းသွားတယ်။ ကားနဲ့မလာဘူး ကားနဲ့လာရင် မိုင်းဆွဲခံရတဲ့အခါကျတော့ ရှပ်ပြေးနဲ့ ရေကြောင်းကလွှတ်ပြီး ခြေလျင်တက်ကြတာ။ တို့ဘက်ကတော့ တော်တော်လေးကို စောင့်ကြည့်နေရတဲ့ အနေအထားပေါ့” ဟု အဆိုပါ ထီးချိုင့်ဒေသခံကပြောသည်။
ထီးချိုင့်အပါအဝင် စစ်ကိုင်းနှင့် ကချင် အစပ် ဒေသများတွင် KIAနှင့် ဒေသခံ PDFများ ယခင်ကတည်းက ပူးပေါင်းပြီး စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
“ကိုယ့်ဘက်ကတော့ ထိပ်တိုက်တော့ မလှုပ်ရှားဘူး။ အဖွဲ့တွေအကုန်လုံးထိပ်တိုက်မလှုပ်ရှားပါနဲ့ လို့ အကုန်လုံးချိတ်ဆက်ထားရတယ်။ အဓိကတော့ မိုင်းဆွဲဖို့ ပြောက်ကျားလုပ်ဖို့ဒါပဲ။ ထိပ်တိုက်ကတော့လုံး၀ လုပ်လို့မဖြစ်သေးဘူး။ လာရင်ရှောင်မယ် ကိုယ်ပိုင်ရင်ဆော်မယ် ပစ်ပြေးမယ် ဒါပဲ” ဟု ထီးချိုင့်ဒေသခံက ပြောသည်။


















































