ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ လူထု အုံကြွမှုကို အဓိက ဦးဆောင်ခဲ့သူ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေဟာ နိုင်ငံရေး ပါတီသစ် တစ်ခုကို ထူထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အလုပ်နေရာ ခွဲတမ်း သတ်မှတ်ချက်တွေကို မကျေနပ်ရာက တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှု အစပြုခဲ့ပါတယ်။ ဆန္ဒပြမှုတွေကို ဟာဆီနာရဲ့ အစိုးရက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နောက် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပိုမို ကျယ်ပြန့် အားကောင်းခဲ့သလို အဆုံးမှာတော့ အစိုးရ ပြုတ်ကျခဲ့ပြီး ဟာဆီနာလည်း အိန္ဒိယ နိုင်ငံဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
အခုအခါမှာတော့ အဲဒီ လူထု အုံကြွမှုကို ဦးဆောင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသား အစုအဖွဲ့ဟာ နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ဖို့ နောက်ဆုံးအဆင့် ကိစ္စရပ်တွေကို အကောင်အထည် ဖော်နေပြီလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့ပါတယ်။
ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သော ကျောင်းသားများ အစုအဖွဲ့လို့ နာမည်ပေးထားတဲ့ တက္ကသိုလ် ကျောင်းသား အင်အားစုဟာ အခမ်းအနားတစ်ရပ် ကျင်းပပြီး ပါတီသစ်ကို မိတ်ဆက်ဖွယ် ရှိနေပြီး အဲဒီ မိတ်ဆက်မှုဟာ အစောဆုံးအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အကောင်အထည် ပေါ်လာနိုင်တယ်လို့လည်း သိရပါတယ်။

Public Service Announcement
ဟာဆီနာ အစိုးရ ပြုတ်ကျပြီးတဲ့နောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ကတည်းက ဘင်္ဂလားဒေ့ရှ်ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ ယာယီ အစိုးရထဲမှာ အကြံပေး အဖွဲ့ဝင် တစ်ဦးအနေနဲ့ တာဝန်ယူထားသူ ကျောင်းသားခေါင်းဆောင် နာဟစ်ဒ် အစ္စလာမ်ဟာ အဲဒီ နိုင်ငံရေး ပါတီသစ်ကို ဦးဆောင်လာဖွယ် ရှိနေပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် စီးပွားရေး ပညာရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ယာယီ အစိုးရ အဖွဲ့ထဲမှာတော့ နာဟစ်ဒ်က အရေးပါတဲ့၊ အများလေးစား ခံရတဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူက ပါတီသစ် ထူထောင်မယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ယူနွတ်စ်က သူ့ရဲ့ ယာယီ အစိုးရဟာ ၂၀၂၅ နှစ်ကုန်လောက်မှာ ရွေးကောက်ပွဲကို ဦးဆောင် ကျင်းပပေးနိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးထားပြီး ကိုယ်တိုင်တော့ ပါဝင် ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိကြောင်း ပြောကြားထားခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖြစ်မယ့် အချိန်ရောက်ရင် လူငယ်တွေ ဦးဆောင်တဲ့ ပါတီတွေဟာ အပြောင်းအလဲတွေကို မျှော်လင့်နေတဲ့ မဲဆန္ဒရှင် လူထုကို ကြီးကြီးမားမား ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
မနှစ်တုန်းက သီတင်းပတ်တချို့ ကြာမြင့်ခဲ့ပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲတွေ အပြီး ဟာဆီနာ ထွက်ပြေးသွားချိန် ကတည်းက အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေနဲ့ ဆက်လက် ရုန်းကန်နေရဆဲပါ။
ဟာဆီနာရဲ့ အစိုးရနဲ့ လုံခြုံရေး အရာရှိတွေဟာ လူထု အုံကြွမှုတွေအတွင်း ဆန္ဒပြသူတွေကို စနစ်တကျ ပစ်မှတ်ထား ဖိနှိပ် ဖြိုခွင်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အခုလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: Reuters

















































