Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယရောက် မြန်မာစစ်ရှောင် ဒုက္ခသည်များ ဖမ်းဆီးခံရမှုနှင့် စစ်ကောင်စီထံ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရဟု India For Myanmar ထုတ်ပြန်

အိန္ဒိယနိုင်ငံရှိ မြန်မာစစ်ရှောင် ဒုက္ခသည်များ ဖမ်းဆီးခံရမှုနှင့် စစ်ကောင်စီထံ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရကြောင်း India For Myanmar က ယနေ့ (မတ်လ ၄ရက်)ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အိန္ဒိယနိုင်ငံရှိ မြန်မာစစ်ရှောင် ဒုက္ခသည်များ ဖမ်းဆီးခံရမှုနှင့် စစ်ကောင်စီထံ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရကြောင်း India For Myanmar က ယနေ့ (မတ်လ ၄ရက်)ထုတ်ပြန်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံ စစ်ဘေးရှောင်ဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက်မှုများမှလွဲ၍ အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရကြောင်း ဖော်ပြသည်။

“မြန်မာ refugee တွေ အပေါ် သက်ဆိုင်ရာပြည်နယ်အလိုက် အစိုးရတွေရဲ့ ဆက်ဆံမှုက စိုးရိမ်ပူပန်စရာဖြစ်တယ်ဆိုတာကို အများပြည်သူနဲ့ နိုင်ငံတကာက သတိထားမိအောင် ကျွန်တော်တို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

Public Service Announcement

Public Service Announcement

အာသံပြည်နယ်အစိုးရအပြောင်းအလဲနောက်ပိုင်း မြန်မာဒုက္ခသည်များအား အထောက်အထားမပြည့်၍ဆိုကာ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်သကဲ့သို့ မဏိပူရ်ဘက်၌လည်း အလားတူ အခက်အခဲများရင်ဆိုင်နေရကြောင်းနှင့် မြို့တော် နယူးဒေလီ၌လည်း အခြေအနေ ပိုဆိုးလာသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ဆလိုင်းဒိုခါရ်က ရှင်းပြသည်။

အိန္ဒိယနိုင်ငံ၌ ခိုလှုံနေသူများထဲမှ ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ယင်းအနက် ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီထံ ပြန်ပို့ခဲ့သည်ဟုဆိုသည်။

ထို့အပြင် ဖမ်းဆီးခံရသူ ၁ ဦးသည် ထောင်ထဲတွင် အသက်ဆုံးရှုံးခဲ့ကြောင်း India For Myanmar က ထုတ်ပြန်သည်။ အဆိုပါထောင်ထဲတွင် ဆုံးပါးခဲ့သူအတွက် ယနေ့အထိ တရားမျှတမှု မရရှိသေးကြောင်းလည်း India For Myanmar က အသိပေးသည်။ မဏိပူရ်ပြည်နယ် ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ကျန်းမာရေးဆိုးရွားနေသူ၊ နာတာရှည်ရောဂါ ခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေကြောင်း India For Myanmar က ဖော်ပြသည်။

လက်ရှိတွင် မဏိပူရ်ပြည်နယ်၌ ထိန်းသိမ်းခံရသူ ဦးအောင်မြင့် (အသက် ၅၀ ကျော်) သည် ကျန်းမာရေး ဆိုးရွားနေပြီး၊ ထောင်အာဏာပိုင်များက ၎င်း၏ပစ္စည်းများကို ထုတ်ယူကာ အရေးပေါ်ဆေးကုသမှု ခံယူစေပြီး ၎င်း၏ ကျန်းမာရေးသည် စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဖမ်းဆီးခံရသူများထဲတွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေသည်။

အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံ စစ်ဘေးရှောင်ဒုက္ခသည်များသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြပြီဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရပြီး လွတ်မြောက်ခွင့်မရသလို အသက်မလုံခြုံသည့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဏိပူရ်နှင့် အာသံပြည်နယ်အစိုးရများက မကြာခဏ ခြိမ်းခြောက်မှု ရင်ဆိုင်နေကြရကြောင်း India For Myanmar က ပြောသည်။

၎င်းအပြင် နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် ဝတ်ပြုနေကြသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအား နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား သို့မဟုတ် UNHCR မှ ထုတ်ပေးသော ဒုက္ခသည်ကဒ် မရှိသူများကို ဖမ်းဆီး၊ ထောင်ချ သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များကိုလည်း ရပ်တန့်စေခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိသေးချိန်တွင် အိန္ဒိယအစိုးရများအနေဖြင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအား စစ်ကောင်စီလက်ထဲသို့ ပြန်ပို့ခြင်း၊ ပြန်ပို့ရန် ခြိမ်းခြောက်ခြင်းများ ရပ်တန့်ပြီး အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ကောင်းပီသစွာဖြင့် စစ်ပြေးဒုက္ခသည်များအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးရန် India For Myanmar က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook