နိုက်ဂျားနိုင်ငံမှာ စာသင်ကျောင်း မီးလောင်မှုကြောင့် မူလတန်းအရွယ် ကလေးငယ် ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုက်ဂျားနိုင်ငံ တောင်ပိုင်းက မာရာဒီ ဒေသမှာ နိုဝင်ဘာ ၈ ရက်က ကျောင်းတစ်ကျောင်း မီးလောင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖရိကတိုက်က ဆင်းရဲနွမ်းပါးတဲ့ ကုန်းပိတ် နိုင်ငံငယ်လေးမှာ စာသင်ကျောင်း အများအပြားဟာ ကောက်ရိုးမိုးထားတဲ့ တဲငယ်လေးတွေသာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသူ အများစုဟာ အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ်တွေလို့ ဆိုပါတယ်။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။
အခင်းဖြစ်တဲ့ ကျောင်းမှာ ပင်မ အဆောက်အအုံက အုတ်နဲ့ တည်ဆောက်ထားပေမယ့် ကျောင်းသူကျောင်းသားတွေအတွက် နေရာ မလုံလောက်တာကြောင့် ရွှံ့နံရံတွေကို ကောက်ရိုးမိုးထားတဲ့ အခန်းလေးတွေ ထပ်ဖွဲ့ပြီး တိုးချဲ့ထားရပါတယ်။

Public Service Announcement
မီးလောင်တဲ့အခါ အဲဒီလို စာသင်ခန်းမျိုး ၃ ခု ပြာကျသွားတယ်လို့ မာရာဒီ မြို့တော်ဝန် ချိုင်ဘူ အဘူဘေကာက ပြောပါတယ်။ မျက်မြင်တွေကတော့ မီးလောင်ပြင်ကနေ အလောင်းတွေ သယ်ထုတ်နေတာရော၊ မီးလောင် ဒဏ်ရာ ရထားတဲ့ ကလေးတွေကို လူနာတင်ယာဉ်ပေါ် ပို့ဆောင်နေတာတွေကိုပါ တွေ့ခဲ့ရကြောင်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက တချို့ရဲ့ အခြေအနေက အရမ်း စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။
မီးလောင်မှု အပြီးမှာ ကျောင်းကို ယာယီ ပိတ်ထားလိုက်ရပါတယ်။ နိုက်ဂျားမှာ ကျောင်းမီးလောင်တဲ့ သတင်းတွေက သိပ်မစိမ်းလှဘူး ဆိုပေမယ့် အခုလိုမျိုး အများအပြား သေဆုံးတာကတော့ ရှားပါး အခြေအနေမျိုးပါ။
ဒါပေမဲ့ အခု နှစ်ဆန်းပိုင်းကလည်း နိုင်ငံမြို့တော် နီယာမေမှာ အလားတူ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား ကလေးငယ် ၂၀ လောက် သေဆုံးဖူးပါတယ်။ အဲဒီတုန်းက ကလေးတွေဟာ ကျောင်းထဲက ထွက်မရဘဲ ပိတ်မိနေရာက အသက်ဆုံးရှုံးခဲ့ပြီး ကောက်ရိုးမိုးထားတဲ့ စာသင်ခန်း ၂၈ ခု ပြာကျသွားခဲ့ကြောင်း သိရပါတယ်။


















































