ဇွန် – ၁ ၊ ၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring
မြန်မာနိုင်ငံရဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU) ဟာ ကရင်ပြည်နယ်ထဲက ထိုင်း -မြန်မာ နယ်စပ်တလျောက်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ထုတ်နေပါတယ်။
လက်ရှိမှာဆိုရင် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ မြဝတီမြို့ တောင်ဘက်ခြမ်း နယ်စပ်မျဉ်းအနီးမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ တပ်စခန်း တွေထဲက စခန်း ၅ ခုကို KNU တပ်မဟာ (၆) ဦးဆောင်တဲ့ ပူးပေါင်းတပ်က မေလ တတိယကစတင်တိုက်ခိုက်ပြီး သိမ်းယူထားပါတယ်။
အဲဒီစခန်းတွေကတော့ ဘလက်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်နဲ့ မော်ခီးတပ်စခန်းတွေ ပဲဖြစ်ပါတယ်။

Public Service Announcement
တပ်မဟာ (၆) စစ်ရေးလှုပ်ရှားဂွင်က တပ်စခန်းတွေ မတိုက်ခင် KNU ဟာ တပ်မဟာ (၇) ထဲက နယ်စပ်စခန်းတွေကို ကနဦးတိုက်ထုတ်ခဲ့တာတွေ့ရပါတယ်။
တပ်မဟာ (၇) နယ်မြေမှာ စစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် တကျော့ပြန်အာဏာ သိမ်း မှု ဖြစ်စဉ်အပြီး တိုက်ပွဲ ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတော့မှာ တပ်မဟာ (၇) မှာ တိုက်ပွဲတွေ စဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာဆိုရင် တပ်မဟာ (၇) ဟာ နှစ်ပေါင်း ၃၀ ကျော် လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ် နေရာဟောင်း မာနယ်ပလောကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
အခုနှစ်အတွင်းမှာ တော့ တပ်မဟာ (၇) ဟာ ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းကို ဆက်တိုက်သိမ်းယူထားပါတယ်။
အဲဒီဒေသမှာ တပ်မဟာ (၇) ဆက်လက်တိုက်ခိုက်သိမ်းယူဖို့ နော်တရာ(နောင်ခလာ)စခန်းတစ်ခုပဲ ကျန်ပါတော့တယ်။
KNU ဟာ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာနယ်မြေ က စစ်ကောင်စီတပ်ရဲ့ နယ်စပ်စခန်းအားလုံးနီးပါးကို တိုက်ယူပြီးနောက်မှာ တပ်မဟာ (၆) ဂွင်ထဲက တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။
KNU ရဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက်မှာ ဒေသတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ထုတ်ဖို့ ဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကရင်ပြည်နယ်အတွင်း နယ်စပ်တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။


















































