ပုလဲ – ဂန့်ဂေါလမ်းပေါ်က မဟာဗျူဟာအရ အလွန်အရေးပါတဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက ၁၈ ရက်တိုင် မရပ်မနားအပြင်းအထန်ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ်။
ကန့်ဒေါင့် နယ်မြေရဲစခန်းဟာ သာမာန်ရဲစခန်းတစ်ခုထက် ပိုအရေးကြီးပါတယ် ။ ပုလဲမြို့နယ်မှာ ပုလဲမြို့မ ရဲစခန်းပြီးရင် ကန့်ဒေါင့်ရဲစခန်းက အကြီးဆုံးဖြစ်ပါတယ် ။ ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒါအပြင် ဒီစခန်းဟာ အာရှအဝေးပြေးလမ်းမပေါ်မှာတည်ရှိတာကြောင့် ပုလဲ -ဂန့်ဂေါ လမ်းပိုင်းကနေ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်လို့ မဟာဗျူဟာအရ အလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ဒါ့အပြင် ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ကျော်အကွာမှာ စစ်ကောင်စီရဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ −၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်မှအမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ −၂၄) တည်ရှိပါတယ်။

Public Service Announcement
https://www.facebook.com/LuduNwayOo/videos/723664550034189
ကန့်ဒေါင့်ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ ရဲစခန်းကိုစစ်တပ်ကအင်အား ၁၀၀ လောက်နဲ့ အခိုင်အမာ တပ်စွဲထားပါတယ် ။ပုလဲမြို့နယ်ထဲက ပျူစောထီးရွာတွေထဲမှာအချက်အချကျလှတဲ့ စခန်းဖြစ်ပါတယ် ။ ဒါအပြင်ပုလဲမြို့နယ်က နာမည်ကြီး ပျူစောထီးရွာတွေဖြစ်တဲ့ အင်မထီး၊ဇီးဖြူကုန်းရွာ တွေနဲ့ တြိဂံပုံ တည်ရှိပြီး ဒီနယ် မြေကို တော်လှန်ရေး တပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ တော်လှန်ရေးအဖွဲတွေက ပြောပါတယ် ။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က စစ်ရေးဗျူဟာဆွဲပြီး ဦးဆောင်ပြီးတော့ မဟာမိတ်အဖွဲ့တွေက ဇွန် ၂ ရက်နေ့မှာ ကန့်ဒေါင့်နယ်မြေရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပါတယ် ။
PLA နဲ့အတူမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း(ကျားသစ်နက်တပ်မ
တော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ PLA ကထုတ်ပြန်ပါတယ် ။
“ဒီစခန်းဟာ ရဲစခန်းလို့သာ ပြောတာ။စစ်တပ်အခိုင်အမာစခန်းအဖြစ် ပြောင်းလဲပြီး တော့ ရန်သူက မိုင်းအတွင်းအထပ်ထပ်နဲ့ ကတုပ်ကျင်းတွေ အခိုင်အမာ၊မြေအောက်ခန်း တွေနဲ့ အသေအချာ တည်ဆောက်ထားတဲ့ စခန်းတခုကို တိုက်ခိုက်ရတာ။အဲဒီစခန်းကလည်း ဒါတတိယအကြိမ် မြောက်တိုက်တာပေါ့။PLAက တော့ပထမအကြိမ်ပေါ့။အရင်ကလည်း တခြားအဖွဲ့ တွေ ၂ကြိမ်တိုက်ထားတယ်။မရခဲ့ဘူး။ဒါ ကျွန်မတို့ အောင်မြင်စွာတိုက်နိုင်ခဲ့တာ ကြောင့် အရမ်းဂုဏ်ယူဝမ်း မြောက်မိပါတယ်”လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကPeople’s Spring ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ နှစ်ညတိုင်မအိပ်ဘဲ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတာပါ။ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဟာ ခက်ခဲပြင်းထန်မယ်လို့ တွက်ဆထားပေမယ့် ထင်ထားတာထက် ပိုမိုပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။
“ရန်သူကထင်ထားတာထက်ကို ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ ကန့်ဒေါင့်ဟာ PLAအတွက် သမိုင်းဝင်အောင်ပွဲပဲ”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပါတယ်။
ဇွန်လ ၂ ရက်မှစတင်ခဲ့တဲ့ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာအမျိုးသမီးရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ကန့်ဒေါင့်ရဲစခန်း မကျရေးအတွက် လေကြောင်းပစ်ကူ တရပ်စပ်သုံးခုခံခဲ့ပေမယ့် မဟာမိတ်တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အမျိုးသမီးရဲဘော်တွေလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ကာ တိုက်ပွဲဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
” အမျိုးသမီးရဲဘော်တွေက စစ်ကူစစ်ကြောင်းတွေ ဖြတ်တောက်ရေးမှာပါတယ်။ အစောပိုင်းက သိရသလောက်တော့ ၁၀ယောက်ကျော်ပါတယ်။
“လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီစခန်းဟာစစ်ကောင်စီအတွက်လည်းအရေးပါတာကြောင့်စစ်တပ်က ဂျက်ဖိုက်တာတွေ၊ Y12 ဗုံးကြဲလေယာဉ်တွေ ၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် နဲ့ ပါရာမော်တာခေါ် စက်တပ်လေထီးတွေပါသုံးပြီး ဗုံးတွေ ဆက်တိုက်ကြဲပြီးခုခံခဲ့ပါတယ် ။ဇွန် ၂ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၀၀)ကျော် ပြုလုပ်ခဲ့ပြီးတော့ဗုံးသီးအလုံးရေ (၅၀၀) ကျော်ကြဲချခဲ့ပါတယ်။
ဒါအပြင် စစ်တပ်က မြေပြင်စစ်ကူစစ်ကြောင်းတွေ ၊ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေကိုလည်းဆက်တိုက်စေလွှတ်ပေးပို့ခဲ့တာပါ။ ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ခွဲခန့်ကွာဝေးသော စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ခေါ် ပျူစောထီး တွေ အခြေစိုက်တဲ့ အင်မထီးရွာကို Mi17 ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် စစ်ကူတွေပို့ခဲ့ပါတယ် ။
အင်မထီးရွာက ထွက်လာတဲ့ ပျူစောထီး နဲ့ စစ်သားပူးပေါင်းစစ်ကြောင်းတွေကို PLA နဲ့ မဟာမိတ်တပ်ပေါင်းတပ်တွေက ကြားဖြတ်ပိတ်ဆို့ပြီးစစ်ကြောင်းပျက်တယ်အထိ တိုက်ခိုက်နိုင်ခဲ့ကြပါတယ် ။ဒါကြောင့် နောက်ဆုံးမှာ ကန့်ဒေါင့် ရွာကို စစ်ကူတွေမရောက်တော့ပါဘူး။ဒါကြောင့် ကန့်ဒေါင့်စခန်းရှိတဲ့စစ်သားတွေ၊ပျူတွေဟာပိတ်မိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့တယ်လို့ PLA ကသုံးသပ်ပါတယ် ။
ဒီလိုနဲ့ ကန့်ဒေါင့်စခန်းကို PLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ဇွန်လ ၁၂ရက်မှာပဲ ဝိုင်းရံပိတ်ဆို့နိုင်ခဲ့တာပါ။
စစ်ကောင်စီကလည်း Y12 လေယာဥ်နဲ့ ကန့်ဒေါင့်ရဲစခန်းထဲကို ရိက္ခာထုတ်တွေ၊ ခဲယမ်းတွေချပေးပြီး အသက်ဆက်ဖို့ကြိုစားခဲ့ပါသေးတယ် ။ဒါပေမယ့်ကန့်ဒေါင့် ရွာအတွင်းကျနေတဲ့ ရိက္ခာထုပ်တွေ၊ခဲယမ်းထုပ်ျတွကို စခန်းထဲကစစ်သားတွေ ထွက် ယူချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဟန့်တားတဲ့အတွက် နောက်ဆုံးမှာ စစ်တပ်ဟာ ရိက္ခာထုပ်တွေ ၊ခဲယမ်းထုပ်တွေ ထွက်မယူနိုင်တော့တဲ့အခြေအနေဆိုက်ခဲ့ပါတယ် ။
ကန့်ဒေါင့်စခန်းကို ဝိုင်းပတ်ပိတ်ဆို့မှုမလုပ်ရသေးခင် ၂ ရက်အလိုမှာ ထူးခြားတာကတိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကဆိုပါတယ်။ဇွန် ၁၀ ရက်နေ့က တရုတ်နိုင်ငံထုတ် F7 တိုက်လေယာဥ် မြေခသွားတာက စစ်တပ်အတွက် စိတ်ဓါတ်ကျစေခဲ့သလို တော်လှန်ရေးတပ်တွေအတွက် စိတ်အားတက်ကြွစရာဖြစ်ခဲ့ပါတယ် ။
ဇွန်လ ၁၀ ရက်နေ့မှာ ကန့်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအပြင် NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတွေ၊ ပကဖ နဲ့ ပူးပေါင်းတပ်တွေဟာ ဇီးဖြူကုန်းရွာက ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
F 7 တိုက်လေယာဥ်ဟာမင်းတိုင်ပင်ရွာရဲ့ အရှေ့ မြောက်ဘက်က စပါးစေ့ရွာကို ကျခဲ့ပြီးလေယာဥ်မောင်းသူအပြင် လေယာဥ်ပျက်ကျစဥ်ဒေသခံ ပြည်သူ ၄ဦး ပါ သေဆုံးခဲ့ပါတယ်။ အစောပိုင်းမှာ PDF နဲ့ ပကဖ တွေကလည်း ဇီးဖြူကုန်းရွာကို ဗုံးလာကြဲတဲ့ စစ်တပ်တိုက်လေယာဥ်ကိုသူတို့လည်းပစ်ချခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။နောက်ပိုင်းမှာတော့ တိုက်လေယာဥ်ဟာ ရာသီဥတုဆိုးဝါပြီး ဇီးဖြူကုန်းရွာကိုဗုံးကြဲပြီးလှည့်အပြန်မှာ ပျက်ကျတာလို့ထုတ်ပြန်ပါတယ် ။စစ်ကောင်စီကတော့ တိုက်လေယာဥ်ဟာလေ့ကျင့်ပျံသန်းရင်းစက်ချို့ယွင်းလို့ ပျက်ကျတယ်လို့ ဆိုပါတယ် ။
PLA က စခန်းသိမ်းတိုက်ပွဲသတင်းကို ဇွန် ၂၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး တိုက်လေယာဥ်ကို သူတို့ပစ်ချခဲ့တယ်လို့ အခိုင်အမာဆိုပါတယ် ။
စစ်တပ်က လေကြောင်းကနေ ဗုံးရာချီကြဲပြီးအပြင်းအထန် ခုခံပေမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ မလျှော့တဲ့ ဇွဲလုံလ ဝီရိယတွေနဲ့ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ ၄၀မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLAက ထုတ်ပြန်ပါတယ်။
စတင်ထိုးစစ်ဆင်တဲ့နေ့ကနေ အပြီးသတ်သိမ်းနိုင်တဲ့နေ့အထိ ၁၈ ရက်ကြာခဲ့ပါတယ်။ စခန်းသိမ်းနိုင်တဲ့နေ့ဟာ စစ်တပ်က မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ နှစ်ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် လူထုခေါင်းဆောင်အတွက်မွေးနေ့လက်ဆောင်လို့ ကျားသစ်နက်စစ်ကြောင်းက PDF အချို့ကပြောပါတယ် ။
PLA ရဲ့ပြောရေးဆိုခွင့်ရှိသူက “ဒီစခန်းက တိုက်ရမယ့်စခန်းမို့ တိုက်ခဲ့တာပါ။ အမေစုမွေးနေ့နဲ့လည်းတိုက်ဆိုင်နေတော့ ပြည်သူတွေကလည်း ရည်ရွယ်ထားတော့ လိုလားနေတော့ မွေးနေ့လက်ဆောင်အဖြစ်သတ်မှတ်လည်းရပါတယ်ပေါ့။ အဲလို သတ်မှတ်လည်းရပါတယ်။ အဓိကတိုက်တာတော့ ပြည်သူတွေလွတ်မြောက်ဖို့အတွက်ပါ”လို့ပြောပါတယ် ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ထက်မနည်းသေဆုံးပြီး စခန်းအတွင်းသေဆုံးခဲ့တဲ့ ရုပ်အလောင်း ၂၀ကျော် ရထားတယ်လို့သိရပါတယ်။ စစ်တပ်ထံကသိမ်းဆည်းရရှိတဲ့အထဲမှာ ဒရုန်းတွေများစွာပါခဲ့သလို တချို့ဒရုန်းတွေက အသစ်တွေဖြစ်နေတာကိုတွေ့ရပါတယ် ။
“စစ်ကူလာတာလည်း တပ်တွေလှန်ကျတယ်ဆိုတော့ သေတာများတယ်။ ခန့်မှန်းခြေတော့ ၄၀ကျော်လောက်ရှိမယ်”လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းစာရင်းနဲ့ ဖမ်းမိတဲ့ စစ်သုံ့ပန်းစာရင်းကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေလည်းရှိပါတယ် ။ ABSDF က ရဲဘော် ၃ ဦးကျဆုံးခဲ့သလို့ ၊ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၁ ဦးကျဆုံးခဲ့တယ် လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ် ။
စစ်တပ်ကစခန်းကျသွားပြီးတဲ့နောက်မှာ ဇွန် ၁၉ ရက်နေ့ကဆိုရင် တနေကုန် လေကြောင်းကနေ ဗုံးလာကြဲခဲ့ပါတယ်။
ဒီရဲစခန်းကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်လိုက်တာကြောင့် အင်းမထီးနဲ့ ဇီးဖြူကုန်း ပျူစောထီးရွာနှစ်ရွာကို စစ်တပ်ရဲ့ ကုန်းလမ်း ထောက်ပို့လမ်း ကြောင်းဖြတ် တောက်နိုင်တော့မှာဖြစ်ပါတယ်။ဒါ့အပြင် ပုလဲမြို့နယ် အနောက်ခြမ်းကို တော်လှန်ရေး တပ်တွေ အပြည့်အဝစိုးမိုးနိုင်သွားမှာဖြစ်ပြီး ပုလဲ-ဂန့် ဂေါလမ်းမကို အတိုင်းတာတခုအထိ ထိန်းချုပ်သွားနိုင်တော့မယ့်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။
ဒီစခန်းဟာ မကွေးတိုင်းကိုသွားရင်ပဲဖြစ်ဖြစ် ၊ချင်းပြည်နယ် ၊အဲကနေ ရခိုင်ပြည်နယ်အထိသွားလို့ရသလို ၊ စစ်ကိုင်းတိုင်းရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ရှိတဲ့ မုံရွာကိုလည်းသွားလို့ရတာကြောင့် အလွန်အရေးပါတယ်တည်နေရာဖြစ်ပါတယ် ။
“ဒီနေရာက တကယ့်ဗျူဟာ ကျတဲ့နေရာဖြစ်တယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ် ။
ကန့်ဒေါင့်ရဲစခန်းကျသွားပြီးနောက်မှာ စစ်တပ်က အင်မထီးပျူစောထီးရွာမှာ အင်အားတွေတိုးပြီးခံစစ်ပြင်ဆင်နေတယ်လို့လည်း PLAက ပြောပါတယ်။ ကန့်ဒေါင့် ပြီးရင့် တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ ဘယ်ဆိုတာတော့မသိရသေးပါဘူး။
“ကန့်ဒေါင့်ပြီးရင် ဘာဆက်လာမယ်ဆိုတာ မဆွဲရသေးဘူး။ ဒါပေမယ့် ပြည်သူတွေလွတ်မြောက်တဲ့အထိ PLAက တိုက်မှာဖြစ်တယ်”လို့ PLAကပြောပါတယ်။ ။

















































