ရေကြီးမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းရဲ့ မြောက်ဖက် ဧရိယာတွေမှာ လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တရုတ်ဟာ လွန်လွန်ကဲကဲ မိုးသည်းထန်ပြီး ရေကြီးမှု၊ မြေပြိုမှုတွေပါ ကြုံတွေ့ရတဲ့ နောက်ထပ် မိုးရာသီ ကာလ တစ်ခုကို ဖြတ်သန်းနေရကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဘေဂျင်းမြို့တော်ရဲ့ မြောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးတွေ ဆက်တိုက် သည်းသည်းထန်ထန် ရွာသွန်းပြီး လမ်းတွေ၊ အိမ်တွေကို ရေဖုံးကုန်တာ ဖြစ်ပါတယ်။
ဘေဂျင်းမြို့တော်နဲ့ ကပ်လျက်မှာရှိတဲ့ မီယွန်မှာ လူ ၂၈ ဦးထိ သေဆုံးခဲ့ပြီး ဘေဂျင်း မြောက်ပိုင်းမှာပဲရှိတဲ့ ယန်ကျင်းမှာလည်း နောက်ထပ် ၂ ဦး သေဆုံးခဲ့တယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကြမ်းတမ်းတဲ့ ရေစီးကြောင်းတွေဟာ ဓာတ်တိုင်တွေကို ပြိုလဲစေပြီး ကားတွေကိုပါ မျောပါသွားစေခဲ့ပါတယ်။ မီယွန်မှာတော့ အခြေအနေက အတော်ကြီး ဆိုးရွားနေတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
ကယ်ဆယ်ရေး အဖွဲ့တွေက ရေဘေးသင့် ဧရိယာတွေမှာ လူပေါင်း ၈၀၀၀၀ လောက်ကို ယာယီ ရွှေ့ပြောင်းပေးထားရကြောင်း ပြောပါတယ်။ လမ်းတွေကို အသုံးပြုလို့ မရဘဲ ဓာတ်အားလိုင်းတွေပါ ပြတ်တောက်ကုန်တာက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်မှုကို ပိုမို ရှုပ်ထွေးသွားစေတယ်လို့ ဆိုပါတယ်။
ရေဘေးသင့် ဒေသခံတွေက သူတို့ရဲ့ ကြောက်စရာ အတွေ့အကြုံတွေ အကြောင်းကို လူမှုကွန်ရက်တွေပေါ်မှာလည်း အသီးသီး မျှဝေခဲ့ကြပါတယ်။ မီယွန်မှာ ဆည်တစ်ခုကလည်း သတ်မှတ်ပမာဏထက် လွန်ကဲတဲ့ ရေထုပမာဏမျိုး ရောက်လာတာကြောင့် ရေတွေကို ဖောက်ချခဲ့ရတာကလည်း ရေလွှမ်းမိုးမှု ပြဿနာကို ပိုဆိုးသွားစေခဲ့ပါတယ်။
ဘေဂျင်းမှာ အခုရက်ပိုင်းလေးအတွင်း မိုးရေချိန် ၁၆၆ မီလီမီတာထိ ရွာသွန်းခဲ့ပြီး ဒါဟာ ပျမ်းမျှ ဇူလိုင်တစ်လလုံးစာ စုစုပေါင်း မိုးရေချိန် ပမာဏထက် ပိုများတယ်လို့ ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မှာတော့ ဘေဂျင်းမြို့လယ်မှာ မိုးစဲစပြုသွားပြီး မြောက်ပိုင်း ဆင်ခြေဖုံး ဧရိယာတွေမှာလည်း ရေစကျလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်အစိုးရကတော့ နိုင်ငံရဲ့ မြောက်ပိုင်း ဒေသတွေမှာလည်း လူ့အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးရတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း ကြေညာထားပါတယ်။ ဟီပေ၊ ကျိလင်၊ ရှန်တောင်းတို့မှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုတွေမှာ ဒုက္ခကြုံနေတဲ့ ဒေသခံ ပြည်သူတွေကို ကူညီ ကယ်ဆယ်ဖို့ သက်ဆိုင်ရာ ဌာန အသီးသီးက အစွမ်းကုန် အားထုတ်ပေးကြဖို့လည်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားကြောင်း အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: NPR


















































