သူ့ရဲ့ လက်ရှိ အမေရိကန် သမ္မတသက်တမ်းမှာ ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်အဖြစ် ဒေါ်နယ်လ်ထရမ့်ဟာ ဗြိတိန်နိုင်ငံကို ရောက်ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် တစ်ဦးရဲ့ ခရီးစဉ် ဖြစ်တာနဲ့အညီ လုံခြုံရေး အစီအမံတွေကိုလည်း အထူး ဂရုစိုက် ပြင်ဆင်ထားပါတယ်။
ပြီးတော့ ကမ္ဘာ့ ခေါင်းဆောင်တွေထဲမှာ အမေရိကန် သမ္မတတွေနဲ့သာ သက်ဆိုင်တယ်လို့ ဆိုရလောက်တဲ့ထိ သီးသန့် ခမ်းနားတဲ့ အဆောင်အယောင်တွေကိုလည်း တစ်ပါတည်း ယူဆောင်လာပါတယ်။
အဲဒီ စီးတော်ယာဉ်တွေ၊ လုံခြုံရေး အစီအမံတွေဟာ အမေရိကန်ရဲ့ စူပါပါဝါ ပုံရိပ်ကို မြင်သာစေတဲ့ အင်အားပြမှု တစိတ်တပိုင်း ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၉ တုန်းက ထရမ့်ရဲ့ ဗြိတိန် ခရီးစဉ် အတောအတွင်း ဗြိတိန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ဟာ အင်အား ၆၀၀၀ ကျော်လောက်ကို လုံခြုံရေး ဖြန့်ကျက်ထားခဲ့ပြီး စတာလင်ပေါင် ၃.၄ သန်းလောက် စရိတ် အကုန်အကျ ခံခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်တွေကတော့ သူတို့ရဲ့ သမ္မတအတွက် ကိုယ်ပိုင် လုံခြုံရေး အစီအစဉ်တွေကို သီးသန့် စီစဉ်ခဲ့ကြပါတယ်။

Public Service Announcement
အခုခရီးစဉ်မှာလည်း ထရမ့်ရဲ့ ခရီးစဉ်အတွက် ဘယ်လိုအရာတွေကို စီစဉ်ပြီး ယူဆောင်လာသလဲ ဆိုတာကို ဗြိတိန် မီဒီယာတချို့က အရိပ်အမြွက် ဖော်ပြထားခဲ့ကြပါတယ်။
လေထဲမှာ ဆောက်တဲ့ အိမ်ဖြူတော်
ဗြိတိန်ကို ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့ဟာ အထူးမွမ်းမံ ပြင်ဆင်ထားတဲ့ Air Force One သမ္မတ စီးတော် လေယာဉ်ကြီးနဲ့ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ Boeing 747-200 အမျိုးအစား လေယာဉ်တွေကို အခြေခံပြီး သမ္မတ တစ်ဦးနဲ့ ကိုက်ညီမယ့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေး နည်းပညာတွေ အားလုံး ပေါင်းစပ်ထားတာတဲ့ Air Force Oneတွေကို မိုးပျံ အိမ်ဖြူတော်တွေလို့လည်း ခေါ်လေ့ရှိပါတယ်။ အမေရိကန် လေတပ်မှာ Air Force One နှစ်စီးရှိပြီး အလှည့်ကျ အသုံးပြုနေတာပါ။
Air Force Oneဆိုတာ မည်ကာမတ္တ လေယာဉ်တစ်စီး မဟုတ်ပါဘူး။ သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်မှာလိုပဲ လိုအပ်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကို ဝေဟင်မှာ ပျံသန်းနေရင်း ဆက်လက် လုပ်ဆောင်နေနိုင်အောင် တည်ဆောက်ထားတာပါ။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ကာကွယ်ရေး စနစ်တွေ၊ ဆက်သွယ်ရေး စနစ်တွေ တပ်ဆင်ထားသလို နျူကလီးယားနဲ့ တိုက်ခိုက် ခံရတဲ့ အချိန်မျိုးမှာတောင် မြေပြင်ပေါ် မဆင်းဘဲ လေထဲကနေ ကွပ်ကဲနိုင်ဖို့ တည်ဆောက်ထားပါတယ်။
အတွင်းပိုင်းမှာတော့ စတုရန်းပေ ၄၀၀၀ ကျော် ကျယ်ဝန်းတဲ့ အထပ် ၃ ထပ်နဲ့ ဖွဲ့စည်းထားပြီး သမ္မတ၊ ဝန်ကြီးတွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ ဂျာနယ်လစ်တွေ၊ ကိုယ်ရံတော်တွေအတွက် သေသေချာချာ နေရာထိုင်ခင်း စီမံပေးထားပါတယ်။
သံချပ်ကာ ဇိမ်ခံကား
Air Force Oneက သမ္မတရဲ့ စီးတော်လေယာဉ်ဖြစ်သလို The Beastကတော့ စီးတော်ကားပါပဲ။ သမားရိုးကျ ဇိမ်ခံကား တစ်ခုမဟုတ်ဘဲ အကြမ်းတမ်းဆုံး စစ်မြေပြင် တစ်ခုထဲ ရောက်သွားရင်တောင် ကြံ့ကြံ့ခံနိုင်ပြီး ဘေးကင်းကင်းနဲ့ မောင်းထွက်လာနိုင်အောင် The Beastကို တည်ဆောက်ထားပါတယ်။ ပုံမှန်ဆိုရင် The Beastတွေကို သမ္မတယာဉ်တန်းမှာ နှစ်စီးအနည်းဆုံး မောင်းနှင်စေပါတယ်။ ဒါမှသာ သမ္မတက ဘယ်ကားထဲမှာ ရှိနေသလဲဆိုတာ မသိနိုင်အောင်လို့ပါ။ ဗြိတိန်ကို ထရမ့် ရောက်မလာခင် ကတည်းက The Beast နှစ်စီးနဲ့ တခြား လုံခြုံရေး အေးဂျင့်တွေအတွက် ယာဉ်တချို့ကို ကြိုပို့ထားပါတယ်။
General Motorsက ထုတ်လုပ်တဲ့ ကားတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရော၊ ကားကုမ္ပဏီဖက်ကပါ ပါးစပ်တင်းတင်းစေ့ပြီး ဘာမှ မပြောပေမယ့် The Beastတွေရဲ့ လုံခြုံရေး အစီအမံ တချို့ကတော့ လူသိရှင်ကြား ဖြစ်နှင့်ပြီးသားပါ။ သံချပ်ကာ ယာဉ်တွေဖြစ်တာကြောင့် အဲဒီကားတွေဟာ ၉ တန်လောက် အလေးချိန် ရှိပါတယ်။ ညကြည့် မှန်ပြောင်းတွေ၊ မီးခိုးဗုံးတွေ တပ်ဆင်ထားသလို ဖုန်းလိုင်း လုံးဝ ပြတ်တောက်နေတဲ့ နေရာတွေမှာတောင် အသုံးပြုနိုင်တဲ့ ဂြိုဟ်တုဖုန်းတွေ တပ်ဆင်ထားပါတယ်။ ကားရဲ့ သံချပ်ကာ ကိုယ်ထည်ဟာ ပခုံးထမ်း လောင်ချာဒဏ်ကိုတောင် ခံနိုင်ရည် ရှိတယ်လို့ သတင်းကြီးပါတယ်။ အဲဒီ The Beastတွေကိုမှ အထူးလုံခြုံရေး အေးဂျင့်တွေရဲ့ ယာဉ်တန်းတွေက ခြံရံ စောင့်ရှောက်ပေးကြပါတယ်။
ခရီးတိုတွေမှာ အမေရိကန် သမ္မတက The Beastကို သုံးလေ့ရှိပြီး မြို့တွေ တစ်ခုနဲ့တစ်ခုကြား ကူးသန်းသွားလာတာမျိုး တာလတ် ခရီးစဉ်တွေ ဆိုရင်တော့ Marine Oneလို့ခေါ်တဲ့ စီးတော် ရဟတ်ယာဉ်တွေကို သုံးပါတယ်။ အခုလည်း ဗြိတိန်ကို Marine Oneတွေ ကြိုပို့ထားပြီးပါပြီ။ Sikorsky VH-3D Sea King အမျိုးအစား ရဟတ်ယာဉ်တွေကို အဆင့်အမြင့်ဆုံး ကာကွယ်ရေး အစီအမံတွေ ဖြည့်တင်း တပ်ဆင်ထားတဲ့ ရဟတ်ယာဉ် တစ်စီးကို လန်ဒန်မြို့လယ်က စတန်းစတက်ဒ် လေဆိပ်မှာ တွေ့မြင်ခဲ့ရပါတယ်။ များသောအားဖြင့်တော့ The Beastတွေလိုပဲ Marine Oneတွေကလည်း ပုံစံတူ အနည်းဆုံး နှစ်စီး အတူတွဲဖက်ထားလေ့ ရှိပါတယ်။
The Beastတွေမှာ ရေဒါနဲ့ ထောက်လှမ်းမှုကို နှောင့်ယှက်တဲ့ စနစ်တွေ၊ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ ကာကွယ်ရေး စနစ်တွေကို တပ်ဆင်ထားပါတယ်။ ပြီးတော့ နျူကလီးယား ပေါက်ကွဲမှု တစ်ခုခုကြောင့် ရိုက်ခတ်လာမယ့် လျှပ်စစ် သံလိုက်လှိုင်းတွေကို ကြံ့ကြံ့ခံပြီး ပျံသန်းနိုင်ပါတယ်။ ပုံမှန်အားဖြင့် Marine Oneတွေကို အမေရိကန်ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် မျိုးစပ် Osprey MV-22တွေက ခြံရံစောင့်ရှောက် ပျံသန်းပေးလေ့ ရှိပါတယ်။ ဗြိတိန်မှာတော့ အမေရိကန်ရဲ့ Ospreyတွေက အရင်ကတည်းက အခြေစိုက်ထားပြီးသားပါ။
သတိ၊ ဒရုန်း မလာရ
ဟောလိဝုဒ် အက်ရှင်ဇာတ်ကား တစ်ခုဖြစ်တဲ့ Angel has fallenမှာ အမေရိကန် သမ္မတကို ဒရုန်းတွေ အမြောက်အမြား အသုံးပြုပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပုံကို စိတ်ကူးပုံဖော် ပြထားပါတယ်။ လက်တွေ့မှာတော့ ဒါမျိုးက အလုပ်မဖြစ်ပါဘူး။ ဗြိတိန်ဟာ ထရမ့် သွားလာမယ့် နေရာတွေ၊ လမ်းကြောင်းတွေမှာ မပျံသန်းရဇုန်တွေ သတ်မှတ်ပြီး ဒရုန်းတွေကို ထောက်လှမ်းမိရင်တောင် ချက်ချင်း ပစ်ချဖို့ စီစဉ်ထားပါတယ်။ ဒါတင် မကသေးဘဲ အမေရိကန် စစ်တပ်ကလည်း သမ္မတကို ကာကွယ်ဖို့ သီးခြား ဒရုန်း ဟန့်တားရေး အစီအမံတွေကို ပြင်ဆင်ထားပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲကစလို့ ကမ္ဘာတလွှားမှာ ဒရုန်းစစ်ဆင်ရေး နည်းပညာတွေ ပိုမို ကျယ်ပြန့် အားကောင်းလာတဲ့နောက် အမေရိကန်ရဲ့ လျှို့ဝှက် ထောက်လှမ်းရေးအေးဂျင့် ကိုယ်ရံတော်တွေဟာ ဒရုန်းအန္တရာယ် ကာကွယ်ရေးအပေါ် အများကြီး ပိုမို အာရုံစိုက် စဉ်းစားလာခဲ့ပါတယ်။ ထရမ့်ရဲ့ ၂ ရက်တာ ဗြိတိန် ခရီးစဉ် အတောအတွင်း ဆန့်ကျင် ဆန္ဒပြမှုတွေလည်း ကြုံတွေ့ရနိုင်ပြီး အဲဒီအတွက်လည်း လုံခြုံရေး အစီအမံတွေကို ပိုပြီး ထောင့်စေ့အောင် သေချာ စီစဉ်ထားပါတယ်။





















































