Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ပူးပေါင်းပြီး ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ်မယ့် ဒုံးကျည်ကို ထိုင်ဝမ်ပြသ

အမေရိကန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်ကို ထိုင်ဝမ်က မိတ်ဆက် ပြသခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/File

အမေရိကန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်ကို ထိုင်ဝမ်က မိတ်ဆက် ပြသခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာ ထိုင်ဝမ်ဟာ စမ်းသပ် အဆင့်မြှင့်တင်ဆဲ prototype အဆင့် ခရုစ်ဒုံးကျည်ကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ထိုင်ပေ လေကြောင်းနဲ့ ကာကွယ်ရေး နည်းပညာ ပြပွဲ မတိုင်ခင်မှာ ထိုင်ဝမ် စစ်တပ်ပိုင် အမျိုးသား ချွန်ရှန်း သိပ္ပံနဲ့ နည်းပညာ ဌာန (NCSIST)က Barracuda-500လို့ နာမည်ပေးထားတဲ့ အဲဒီ စစ်လက်နက် အသစ်ကို ထုတ်ပြခဲ့တာပါ။

ခရုစ်ဒုံးကျည် အသစ်ကို အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ Andurilနဲ့ ပူးပေါင်းပြီး ထိုင်ဝမ်မှာ အလုံးအရင်း ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ဓာတ်ပုံ – AFP

Barracuda-500ရဲ့ အားသာချက်တွေက ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အစီအမံ လိုအပ်ချက်တွေ ကိုက်ညီပြီး ထုတ်လုပ်မှု စရိတ် သက်သာသလို ကိုယ်ပိုင် ထိန်းချုပ်ပျံသန်းမှု စနစ်မျိုးပါ ပါဝင်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဆီက အချိန်ပြည့် ရန်လို ခြိမ်းခြောက်မှုကို ခံနေရတဲ့ ထိုင်ဝမ် အစိုးရဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ကို ကာကွယ်ဖို့အတွက် ကာကွယ်ရေး စွမ်းရည်နဲ့ နည်းပညာတွေ မြှင့်တင်နိုင်ရေး အပတ်တကုတ် ကြိုးစားနေပါတယ်။ အဲဒီထဲမှာ စစ်လက်နက်တွေကို ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့ ဆိုတာကလည်း အရေးပါတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်နေပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး တစ်ချိန်ချိန်မှာ စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူတာမျိုး ရှိလာနိုင်ကြောင်း သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်တဝိုက် ရေပြင်မှာ တရုတ် ရေတပ်နဲ့ လေတပ်ရဲ့ အင်အားချဲ့ထွင် ဖြန့်ကျက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို များပြားလာခဲ့ပါတယ်။

ဇွန်လမှာတော့ ထိုင်ဝမ် သမ္မတ လိုင်ချင်တေးက သူဟာ ပြည်တွင်းဖြစ် စစ်လက်နက်တွေ ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်အတွက် အမေရိကန်နဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ အားထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Barracuda-500ကို ထိုင်ဝမ်မှာ ပြည်တွင်းဖြစ် ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန် ကုမ္ပဏီဆီကနေ နည်းပညာပိုင်းနဲ့ ဒီဇိုင်းဆိုင်ရာ မူပိုင်ခွင့်တွေ လွှဲပြောင်း ဝယ်ယူခဲ့တယ်လို့လည်း NCSISTက ဆိုပါတယ်။ အဲဒီ ခရုစ်ဒုံးကျည်တွေဟာ ကမ်းရိုးတန်းဆီ ချဉ်းကပ်လာတဲ့ ရန်သူ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ အဓိက ရည်ရွယ် တည်ဆောက်ထားတာပါ။ တစ်နည်းအားဖြင့် သင်္ဘောဖျက် ဒုံးကျည် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

Barracuda-500ဟာ ထိုင်ဝမ်အတွက်တော့ မှတ်တိုင်အသစ် တစ်ခုလို့ ဆိုနိုင်ကြောင်း၊ ထိုင်ဝမ်ဟာ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းဆောင်ရည်မျိုးကို ပြည်တွင်းမှာ ပိုပြီး မြန်မြန်နဲ့ ထိထိရောက်ရောက် ချဲ့ထွင် တည်ဆောက်နိုင်တော့မှာဖြစ်ကြောင်း NCSISTရဲ့ ဥက္ကဋ္ဌ လီရှင်ချိန်က ပြောပါတယ်။

ထိုင်ဝမ်ရဲ့ ရည်မှန်းချက်ဟာ တစ်စင်းကို ထိုင်ဝမ်ဒေါ်လာ ၆.၅ သန်းအောက်၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၂၇၇၀၀၀ ထက်မပိုတဲ့ ဒုံးကျည်တွေကို ပြည်တွင်းမှာ အလုံးအရင်း ထုတ်လုပ် တည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တကယ်လို့ စစ်ဖြစ်ပြီး ထိုင်ဝမ်က ဝန်းရံ ပိတ်ဆို့တာ ခံလိုက်ရပြီ ဆိုရင် အခြေအနေတွေက ယူကရိန်းနဲ့ ကွာခြားမှာ ဖြစ်ကြောင်း၊ ယူကရိန်းကျတော့ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်ဖို့ ဥရောပဆီက တည်ငြိမ်ပြီး အနှောင့်အယှက် ကင်းတဲ့ ကူညီ ဖြည့်တင်းမှုတွေ ရနိုင်ပေမယ့် ထိုင်ဝမ်ကတော့ ကိုယ့်နိုင်ငံမှာ ကိုယ်တိုင် ထုတ်လုပ်တဲ့ လက်နက်တွေကိုပဲ အားကိုးရတော့မှာဖြစ်ကြောင်းလည်း လီက ဆက်ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဟာ နိုင်ငံရဲ့ဝင်ငွေ (GDP)ထဲက ၃.၃ ရာခိုင်နှုန်းကို ၂၀၂၆ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်အတွက် လျာထားပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ ၅ ရာခိုင်နှုန်းထိ မြှင့်တင် သုံးစွဲဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။