Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ် ၆၀ နီးပါးအတွင်း ကုလသမဂ္ဂမှာ ဆီးရီးယား ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

စက်တင်ဘာ – ၂၅ ၊၂၀၂၅

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အယ်လ်ရှာရားက မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၆၇ ခုနှစ်နောက်ပိုင်း ဆီးရီးယား ခေါင်းဆောင် တစ်ဦးရဲ့ ပထမဆုံးအကြိမ် ကုလသမဂ္ဂမှာ မိန့်ခွန်းပြောမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အယ်လ်ရှာရားဟာ ၂၀၂၄ နှစ်ကုန်ပိုင်းတုန်းက ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ဒ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး တပ်ပေါင်းစုရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ မိန့်ခွန်းမှာတော့ ပြည်တွင်းစစ်အလွန် ဆီးရီးယားဟာ ကိုယ်စွမ်းကိုယ်စနဲ့ ပြန်လည် တည်ဆောက်နေကြောင်း၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခု အနေနဲ့ တရားဥပဒေ စိုးမိုးပြီး စည်ပင်ဝပြောမှုတွေနဲ့လည်း ဆီးရီးယားက အမှန်တကယ် ထိုက်တန်ကြောင်း အယ်လ်ရှာရားက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

သူက ဆီးရီးယားဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဏ္ဍသစ် တစ်ခုကို စတင် ရေးသားနေတာ ဖြစ်တယ်လို့လည်း သူက ၉ မိနစ်လောက်သာ ကြာမြင့်တဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။ နောက်ပြီး ဆီးရီးယားအတွက် အခက်ခဲဆုံး ကာလတွေမှာ အတူလက်တွဲ ရပ်တည်ပေးခဲ့တဲ့ တူရကီ၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား၊ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ အာရပ်နိုင်ငံ အသီးသီးကိုလည်း ကျေးဇူးတင်ကြောင်း ဆိုပါတယ်။

အယ်လ်ရှာရားက ဆီးရီးယား နိုင်ငံအပေါ်မှာ ကျန်ရှိနေဆဲဖြစ်တဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးရေး အတွက်လည်း ကုလသမဂ္ဂ ညီလာခံမှာ ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

သူက ဆီးရီးယား အစိုးရ အနေနဲ့ ၁၉၇၄ ခုနှစ်မှာ ရရှိထားတဲ့ အစ္စရေးနဲ့ ရန်မလိုရေး သဘောတူညီမှုကို ဆက်လက် လေးစား လိုက်နာမယ်လို့ ကြေညာခဲ့ပြီး တစ်ဖက်မှာလည်း ဆီးရီးယားရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ ပိုင်ဆိုင်မှုတွေကို အာမခံနိုင်အောင် နိုင်ငံတကာက စုပေါင်း အာမခံချက်ပေးဖို့ တိုက်တွန်းသွားပါတယ်။

ဆီးရီးယား ပြည်သူတွေဟာ အာဏာရှင် သမ္မတဟောင်း အာဆတ် လက်ထက်မှာ ဆိုးရွားလှတဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရကြောင်း၊ အာဆတ် အစိုးရဟောင်း ပြည်သူတွေကို ညှင်းဆဲမှု၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး ဓာတုလက်နက်တွေနဲ့တောင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒါ့အပြင် မူးယစ်ဆေးကိုလည်း ဆီးရီးယား ပြည်သူတွေနဲ့ ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လက်နက်အဖြစ် အသုံးချခဲ့ကြောင်း အယ်လ်ရှာရားက ထည့်သွင်း စွပ်စွဲသွားပါတယ်။

ကုလသမဂ္ဂမှာ မိန့်ခွန်းပြောခဲ့ခြင်းက အယ်လ်ရှာရား အနေနဲ့ တော်လှန်ရေး အင်အားစု အဆင့်ကနေ တက်လာတဲ့ သူ့ရဲ့ အစိုးရကို နိုင်ငံတကာ မျက်နှာစာမှာ ပိုပြီး ခြေကုပ်အား ကောင်းလာအောင် ကြိုးစားနေတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို နောက်ဆုံး တက်ရောက်ခဲ့တဲ့ ဆီးရီးယား ခေါင်းဆောင်ကတော့ ၁၉၆၆ ကနေ ၁၉၇၀ ထိ တာဝန်ခဲ့တဲ့ သမ္မတဟောင်း နူရက်ဒင် အယ်လ်အက်တာဆီ ဖြစ်ပါတယ်။

ကိုးကား – NPR

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။