Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့အနီးတိုက်ပွဲဆက်ပြင်းထန်၊မြေမြုပ်မိုင်းကြောင့် အရပ်သားနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။

ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် ပျက်စီးမှုများ (ဓာတ်ပုံ - TNLA)

စက်တင်ဘာ-၃၀၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။

ကျောက်မဲမြို့ အေးချမ်းသာသုသာန်အနီးမှာ စက်တင်ဘာ ၂၉ရက်က မိုင်းနှစ်လုံးပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တာပါ။

တဦးက လူမှုရေးအဖွဲ့တွေကိုကူညီနေတဲ့ အမျိုးသားဖြစ်ပြီး နောက်တဦးကတော့ နွားကျောင်းနေသူဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့အနီးမှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မြေမြုပ်မိုင်းတွေကို နှစ်ဖက်စလုံးက ထောင်ထားကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

” ဒီအချိန်ကအရမ်းကိုရှုပ်ထွေးနေတဲ့အချိန်ပါ။ မိုင်းက မျက်စိမပါဘူး။ ဘယ်သူကမှလည်းဝန်မခံဘူး။ စစ်ရေးနဲ့မနီးစပ်တဲ့အရပ်သားတွေက ဗဟုသုတနည်းတော့ ထိတာပဲ”လို့ ကျောက်မဲမြို့ခံတဦးကပြောပါတယ်။

ကျောက်မဲမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်မှာ သိမ်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက် သြဂုတ် ၁၉ရက်ကစပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပါတယ်။

TNLA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကကျောက်မဲမြို့အနီရောက်လာသလို တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအဆက်မပြတ်ကြဲကာ မြေပြင်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာလို့ သိရပါတယ်။

ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးနဲ့ပါ လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ TNLA က စက်တင်ဘာ၂၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

” စကစတပ်တွေ ရှေ့တိုးသွားတယ်ကြားတယ်။ အတည်မပြုနိုင်ဘူး ဒါပေမယ့် ပလောင်တပ်(TNLA)က မြို့ပေါ်က အလံတွေကို ဖြုတ်သိမ်းနေတယ်လည်း ရေးနေကြတယ်။ သဘောက နောက်ဆုတ်သွားမယ့် ပုံစံပေါ့”လို့ တခြားဒေသမှာ သွားရောက်စစ်ဘေးရှောင်နေတဲ့ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။

ကျောက်မဲမြို့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLAထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ မိုင်းပေါက်ကွဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီစစ်ကြောင်းတွေက သတ်ဖြတ်သွားလို့ အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။

ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာကို စက်တင်ဘာလ ၂၄ရက်က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာအနီး တောင်ယာတဲမှာစစ်ဘေးရှောင်နေတဲ့ သံဃာတော်တပါးအပါအဝင် မိသားစုသုံးယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး အဲဒီမိသားစုကမိန်းကလေးငယ်တစ်ဦးဟာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေကပြောပါတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ နောင်ချိုမြို့နယ်မှာလည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုတွေရှိနေပါတယ်။

နောင်ချိုမြို့နယ်၊ရတနာသိင်္ဂီကျေးရွာနဲ့ ရမောင်းကျေးရွာမှာ စက်တင်ဘာ ၃ရက်နဲ့ စက်တင်ဘာ ၁၉ရက်က မိုင်းပေါက်ကွဲလို့ အရပ်သားနှစ်ဦးဒဏ်ရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ဒီနေ့စက်တင်ဘာ ၃၀ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။