ဒီဇင်ဘာ ၂၅၊ ၂၀၂၅ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မနေ့ညနေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီခန့်က ဘုတလင်မြို့နယ်၊ ဘုတလင်-ရေဦးလမ်း၊ ကင်းစမ်းလမ်းခွဲကားဂိတ်ကို စစ်တပ်က Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကားဂိတ်အနီးမှာ ရောင်းချနေတဲ့ ကွမ်းယာသည် လင်မယား၂ယောက် ထိခိုက်ခဲ့ရာ အမျိုးသမီးသေဆုံးကြောင်း ဒေသခံများက ပြောပါတယ်။
“ကွမ်းယာသည်လင်မယားကိုထိတာ။ အခြား ခရီးသွား မထိဘူး”လို့ BDF-Budalin Denfense Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ထိခိုက်သွားတဲ့ အမျိုးသားလည်း ဒဏ်ရာပြင်းထန်လို့ ဆေးကုသနေရဆဲဖြစ်ကြောင်းစုံစမ်းသိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု
ကြောင့် အနည်းဆုံး ပြည်သူ ၁၄၉ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

















































