ကိုလံဘီယာ နိုင်ငံမှာ လေယာဉ်ပျက်ကျမှုကြောင့် လွှတ်တော်အမတ်တစ်ဦး အပါအဝင် လိုက်ပါသွားသူ ၁၅ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။
လေယာဉ်ဟာ ကူကူတာမြို့ရဲ့ ကာမီလိုဒါဇာ လေဆိပ်ကနေ ပျံတက်ပြီးတဲ့နောက် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လွှတ်တော်အမတ် ဒီယိုဂျန်းနစ် ကွင်တာရို အပါအဝင် ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်း ၂ ဦးတို့ စီးနင်းလိုက်ပါသွားခဲ့ကြောင်း ပြည်တွင်း အရပ်ဖက်လေကြောင်း ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့က ရေဒါမှာ လေယာဉ် ပျောက်ဆုံးသွားချိန် ကတည်းက ကွင်တာရိုနဲ့ သူ့ရဲ့ လက်ထောက်တို့ဆီ ဆက်သွယ်လို့ မရတော့တာ ဖြစ်တယ်လို့ သူ့ရဲ့ အဖွဲ့သားတွေက ပြောပါတယ်။
လေယာဉ်ဟာ ကူကူတာကနေ နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ နော့ထ်ဒီဆန်တန်ဒါ ပြည်နယ်ထဲက အော့ဆာနာကို ဦးတည် ပျံသန်းနေတဲ့ အချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အစိုးရ လေကြောင်းပိုင် Satenaက ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ ပျံတက်သွားပြီး မကြာခင်မှာပဲ ပျက်ကျသွားခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီး မာရီယာ ဖာနန်ဒါ ရာဟို့စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ အဖြူရောင် ကိုယ်ထည်မှာ အပြာနဲ့ အဝါ ဆေးရောင်တွေ ခြယ်သထားတဲ့ လေယာဉ်ရဲ့ အပျက်အစီး ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။ လေယာဉ်ပျက်ကို လာပလာယာ ဒီဘာလန် ဧရိယာထဲက တောစပ်တစ်နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေက ရှာတွေ့ခဲ့ပါတယ်။
ကွင်တာရိုဟာ အမျိုးသား ဥပဒေပြု လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၂၂ ကတည်းက တင်မြှောက် ခံထားရသူ ဖြစ်ပါတယ်။ သူနဲ့အတူ သေဆုံးခဲ့သူ အားလုံးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် စာနာဝမ်းနည်းကြောင်း နော့ထ်ဒီဆန်တန်ဒါ ပြည်နယ် အစိုးရ အဖွဲ့က ကြေညာခဲ့ပါတယ်။
လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: CNN


















































