ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ပြီးနောက် လူနေအိမ်တွေနဲ့ ရွှေတွင်းလုပ်ကွက်တွေက ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်-မန္တလေးလမ်းပိုင်းက ကျေးရွာတချို့မှာ အိမ်တွေဖောက်ထွင်းခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“အိမ်တွေကပစ္စည်းတွေ အကုန်ရသမျှသယ်သွားကြတာ။ ဆိုင်ကယ်ဘေးတွဲတွေနဲ့ကို လာသယ်ကြတာ”လို့ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ရွာတစ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

ဒါ့အပြင် ရွှေလုပ်ကွက်တွေက ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း မကြာခဏ ခိုးယူခံနေရတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်တပ် ပြန်သိမ်းလိုက်တဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းက ကျေးရွာတချို့မှာ ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်တာတွေရှိပြီး အချို့ကတော့ စစ်ရှောင်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့ကို ၂၀၂၅ ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးကာ ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စဥ့်ကူးမြို့အပါအဝင် မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဇူလိုင်၁၇ရက်က မန္တလေး PDFနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


















































