နိုဝင်ဘာ-၂၆၊၂၀၂၆။ အိမ်သွင်/People’s Spring
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဘုတလင်မြို့က စစ်ကြောင်းနဲ့ တပ်ချိန်းနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံရေး ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
အင်အား ၂၀၀ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နမခ ကနေ နိုဝင်ဘာလယ်ခန့်မှာ ထွက်လာပြီး လက်ရှိမှာ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာကိုရောက်နေပါတယ်။
” ဘုတလင်မြို့ပေါ်မှာလည်း အင်အား၂၀၀ခန့်ရှိတယ်။ ဒါကြောင့် ဒီစစ်ကြောင်းက ဘုတလင်မြို့ထဲအထိ ဝင်လာနိုင်ပြီး အချိန်းအပြောင်းလုပ်နိုင်တယ်။ ဒါကို မျက်ခြေမပြတ်အောင် ကြည့်ပြီး ဒေသခံတွေကို သတိပေးနေတယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဇီးတောကျေးရွာဟာ ဘုတလင်မြို့ပေါ်နဲ့ ၁၅မိုင် ခန့် ဝေးပါတယ်။ ဘုတလင်မြို့ဘက်ကို ဝင်လာမယ်ဆိုရင် ကျေးရွာ ၁၀ရွာထက်မနည်း တိမ်းရှောင်ဖို့ လိုအပ်နေတာပါ။
ယခင်ရက်ကတော့ နမခနဲ့ ၅ မိုင်ခန့်အကွာက ထနောင်းကုန်းနဲ့နှောကုန်းကျေးရွာအပါအဝင် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေဟာ တိမ်းရှောင်ခဲ့ရပါတယ်။
စစ်တပ်စစ်ကြောင်းမှာ ပွိုင့်ဖိုက်တင်ထားတဲ့ကားအပြင် ဒရုန်းတွေလည်း ပါတယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာလည်း ကင်းပုန်းတွေထားခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ဒီနေ့ နိုဝင်ဘာ၂၆ရက်အခြေအနေအရတော့ အဲ့ဒီစစ်ကြောင်းဟာ ဒီပဲယင်းနဲ့ စိုင်ပြင်မြို့ဘက် လည်း ဦးတည်နိုင်သလို ဘုတလင်မြို့ဘက်ကို လာနိုင်ခြေအများဆုံးဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
စစ်တပ်က မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်ထားပြီး ဘုတလင်မြို့နယ်အပြင် မုံရွာမြို့နယ်က ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတယ်လို့သတင်းရရှိပါတယ်။



























































