နိုဝင်ဘာ-၂၆၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring
စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ်ပေါင်း ၁၃၂,၈၉၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၅ နှစ်ကျော်ကာလအတွင်း စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခတွေကြောင့် စုစုပေါင်း အရပ်သားနေအိမ် ၁၃၆,၇၃၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းဖော်ပြထားပါတယ် ။
အဲဒီထဲက ၁၃၂,၈၉၃ လုံးဟာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် ပျက်စီးခဲ့ရတာဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်ပါတယ်။

Public Service Announcement
ကျန်တဲ့ ၃,၈၄၀ လုံးကတော့ ၂၀၂၄ ခုနှစ် မေလတုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲမှာ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲအလွန်ကာလဖြစ်တဲ့ ၂၀၂၆ ခုနှစ်မတ်လကနေ မေလအတွင်းမှာတောင် စစ်တပ်ကမီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိနေခဲ့ပြီး တိုင်းနဲ့ ပြည်နယ် ၉ ခုက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၁၀၂ ခုမှာ အရပ်သားနေအိမ် ၁၀,၆၇၁ လုံး ထပ်မံမီးရှို့ပျက်ဆီးခံခဲ့ရပါတယ်။ အထူးသဖြင့် အဲဒီ သုံးလအတွင်း မန္တလေးတိုင်းထဲက မြင်းခြံနဲ့ တောင်သာ၊ မကွေးတိုင်းထဲက ပခုက္ကူနဲ့ စလင်း၊ စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ပုလဲ စတဲ့ မြို့နယ်တွေမှာ နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ Data for Myanmar က အသိပေးပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် ဆုံးရှုံးမှုအများဆုံးကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၈၀,၁၃၃ လုံး ပျက်စီးခဲ့ရကာ တစ်နိုင်ငံလုံး မီးရှို့ခံရတဲ့ နေအိမ်စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းကျော်အထိ ရှိပါတယ် ။
စစ်ကိုင်းတိုင်းပြီးရင်တော့ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကြောင်း Data for Myanmar က ထပ်မံ အသိပေးပါတယ်။
Data For Myanmar ကစစ်တပ်အာဏာသိမ်းစကတည်းကနိုင်ငံတစ်ဝန်း စစ်တပ်မီးရှို့ဖျက်ဆီးမှုတွေကို အချက်အလက်စုဆောင်းဖော်ပြပေးနေတာဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၇၂၈ လုံး၊ ၂၀၂၄ ခုနှစ်မှာ ၃၁,၉၅၄ လုံးနဲ့ ၂၀၂၅ ခုနှစ်မှာ ၉,၇၅၅ လုံး၊ ၂၀၂၆ ခုနှစ် (မေလကုန်အထိ) နေအိမ်ပေါင်း ၁၄,၃၃၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ လအလိုက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ကြည့်ရင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အများဆုံး ဖြစ်ခဲ့ပြီး နေအိမ် ၁၀,၅၆၂ လုံး ဆုံးရှုံးခဲ့ရကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီနဲ့ လက်အောက်ခံတပ်တွေဟာ ပဋိပက္ခဖြစ်ပွားရာ မြို့ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ နေအိမ်တွေကို ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေ သိမ်းယူတာနဲ့ အခြေချတပ်စွဲပြီး မီးရှို့တာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။တစ်ဖက်မှာလည်းတော်လှန်ရေးအင်အားစုတွေဘက်က ပြည်သူ့စစ်(ပျူစောထီး)အားကောင်းတဲ့ကျေးရွာတွေကို တိုက်ခိုက်ချိန်မှာ မီးရှို့ဖျက်ဆီးမှုတွေရှိခဲ့တယ်လို့Data for Myanmar ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူ၊ အစိုးရဖွဲ့စည်းခဲ့တဲ့ ၂၀၂၆ ခုနှစ် မတ်လနဲ့ မေလတွေအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေကြောင့် ပဋိပက္ခနယ်မြေတွေက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က အသိပေးပါတယ်။
Data for Myanmar ရဲ့ ထုတ်ပြန်ချက်ဟာ ၂၀၂၆ ခုနှစ် မေလအထိသာ ပါဝင်ပြီး အဲဒီနောက်ပိုင်းမှာလည်း ယခုနိုဝင်ဘာလအထိ အာဏာသိမ်းစစ်တပ်က ဆက်လက် စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်၊ မုံရွာ၊ အရာတော် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“မီးရှို့တာတော့ မရှိသေးဘူး။ ဘုတလင်က မြို့ပေါ်ရွာကတော့ ဆန်ဆီ ရိက္ခာတွေ ဝယ်သယ်နေတယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းတွေဟာ မြေပြင်အခြေအနေထက် လျော့နည်းနေနိုင်တယ်လို့Data for Myanmarကရှင်းလင်းထားပါတယ်။ အခက်အခဲမျိုးမျိုးကြောင့် အတည်မပြုနိုင်သေးတဲ့ ဖြစ်စဉ်တွေ၊အချက်အလက်မပြည့်စုံသေးတဲ့ ဖြစ်စဉ်တွေနဲ့ အထူးသဖြင့် ကရင်နီပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက ဖြစ်စဉ်တချို့ကို လတ်တလော ထည့်သွင်းရေတွက်နိုင်ခြင်း မရှိသေးတာကြောင့်လို့ Data for Myanmar က ဆိုပါတယ်။
ဒါ့အပြင် အခုစာရင်းထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကျူးလွန်ခဲ့တဲ့ အရပ်သားနေအိမ် မီးရှို့မှုတွေကိုသာ ဖော်ပြထားတာဖြစ်ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးမီးလောင်မှုတွေ၊ အခြားအဆောက်အအုံတွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စစ်တပ်ရွေးကောက်ပွဲအပြီး သုံးလခန့်အတွင်း တိုင်းနဲ့ ပြည်နယ် ၉ခုက ကျေးရွာ/ရပ်ကွက် ၁၀၂ ခုမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကိုနိုဝင်ဘာ ၂၆ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားတဲ့မြို့နယ်တွေမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာကြောင့် ပဋိပက္ခ နယ်မြေတွေက ပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး အရပ်သား နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရွေးကောက်ပွဲအပြီး မှာလည်း စစ်ကြောင်းထိုးတာ နယ်မြေရှင်းလင်းတာ ဆက်လုပ်ဆောင်ခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အသိပေးထားပါတယ်။
၂၀၂၅ မတ်လကနေ မေလအတွင်း မန္တလေး ၊ မကွေး ၊ စစ်ကိုင်း ၊ ပဲခူး၊ တနင်္သာရီ တိုင်းတွေနဲ့ ကချင် ၊ ကရင်နီ၊ ကရင်၊ ချင်း ပြည်နယ်တွေမှာ စစ်တပ်က နယ်မြေရှင်းလင်းတာ တွေလုပ်ခဲ့ပြီး အရပ်သား နေအိမ်တွေ မီးရှို့ခဲ့တာလို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းထဲမှာ နေအိမ်ဖျက်ဆီးခံရမှု အများအပြားရှိခဲ့တယ်လို့ အသိပေးပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သား တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ အမြန်ဆုံးရပ်တန့်ဖို့၊ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေ အတက်နိုင်ဆုံး လိုက်နာသင့်ကြောင်း Data for Maynmarက အကြံပြုထားပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖိအားပေး တိုက်တွန်းသင့်ကြောင်း ဖော်ပြထားပါတယ်။



























































