Connect with us

Hi, what are you looking for?

သတင်း

ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျပြီး တစ်​ဒေါ်လာ ၅၅၀၀ကျပ် ၊တစ်ဘတ် ၁၆၇ ကျပ်​ဈေး​ပေါက်

ပြင်ပ​ငွေလဲ​ဈေးကွက်မှာ အ​မေရိကန် တစ်ဒေါ်လာ ၅,၅၀၀ ကျပ် ၊ထိုင်းတစ်ဘတ်မှာ ၁၆၇ ကျပ်​ကျော် အထိမြင့်တက်ပြီး မြန်မာကျပ်ငွေ ဆက်တိုက်ထိုးကျ နေပါတယ်။

(ဓါတ်ပုံ-AFP)

နို၀င်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring

ပြင်ပ​ငွေလဲ​ဈေးကွက်မှာ အ​မေရိကန် တစ်ဒေါ်လာ ၅,၅၀၀ ကျပ် ၊ထိုင်းတစ်ဘတ်မှာ ၁၆၇ ကျပ်​ကျော် အထိမြင့်တက်ပြီး မြန်မာကျပ်ငွေ ဆက်တိုက်ထိုးကျ နေပါတယ်။

ဒီကနေ့(နို၀င်ဘာ ၂၆ ရက်) မနက်ပိုင်းက တစ်ဒေါ်လာ ၅၄၂၀ ကျပ်ဖွင့်ခဲ့ပြီးည‌ပိုင်းမှာ ၅၅၀၀ ကျပ်အထိ ရှိလာသလို ထိုင်းဘတ်​ဈေးမှာလည်း တစ်ဘတ်မှာ ၁၆၇ ကျပ်(ကျပ်တစ်သိန်း လဲရင် ၅၉၈ ဘတ်)​ကျော်ရှိတယ်လို့

ငွေ​ကြေး​ဈေးကွက်မှသိရပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလမှစပြီး ကျပ်​ငွေတန်ဖိုး ဆက်တိုက်ကျ​​နေပြီး တစ်လအတွင်း တစ်ဒေါ်လာ ငွေလဲနှုန်း ၁၉ ရာခိုင်နှုန်းနဲ့ ထိုင်းတစ်ဘတ်တန်ဖိုးက ၂၁ ရာခိုင်နှုန်း ၀န်းကျင် တက်လာတယ်လို့ ငွေလဲသူတချို့က ဆိုပါတယ်။

တနည်းအားဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှု‌ကြောင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ပျမ်းမျှဈေးနှုန်းတွေ အချိန်နဲ့အမျှ မြင့်တက်လာပါတယ်။ငွေရဲ့ တန်ဖိုးကျဆင်းသွားတာကြောင့် အရင်က ဝယ်နိုင်သလောက် ပစ္စည်းအရေအတွက်ကို အခုအချိန်မှာ ငွေပိုပေးပြီး ဝယ်ရတာတွေရှိလာပါတယ်။

ဒါကြောင့်လည်း ငွေဈေးမငြိမ်လို့ ဈေးနှုန်းအပြောင်းအလဲ ရှိတယ်ဆိုတဲ့ ပြည်ပထုတ်ကုန်စည် ရောင်းချသူတွေရဲ့ ကြေညာ ချက်တွေလည်းရှိလာပါတယ်။

ကျပ်ငွေကြေးဖောင်းပွမှု၊နိုင်ငံရဲ့ ဘဏ္ဍာရေးမူဝါဒတွေ အပါအ၀င် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းပါးလာမှု က နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းရဲ့ အဓိက အကြောင်းအရာဖြစ် တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အိမ်နီးချင်းထိုင်းနိုင်ငံအပေါ် မြန်မာပြည်သူတွေရဲ့စီးပွား‌ရေးလူမှု၀န်းကျင်အတွက် မှီခိုနေရတာကြောင့် ဘတ်ငွေ ၀ယ်လိုအားကြောင့်လည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုက ပိုသိသာစေတယ်လို့ သူက ဆက်ပြောပါတယ်။

“အခုက တစ်ရက်ထဲမှာကို ဈေးက သုံးမျိုးလောက် ပြောင်းနေတာ။ကျပ်ငွေဈေးကျတာ။အဲဒါကြောင့်ရောင်းမယ့်ဈေးက တသမတ်တည်း ထားမရတော့ဘူးလေ”လို့ အွန်လိုင်းက တဆင့် ပြည်ပထုတ်အလှကုန်ပစ္စည်းတွေ ရောင်းချနေသူတစ်ဦးက နိုဝင်ဘာ ၂၅ ရက်မှာပြောပါတယ်။

မြန်မာအပေါ် နိုင်ငံတကာ အရေးယူမှုတွေဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုမှာ အပြစ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့အမိန့်ချမှတ်မှု နဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာစေတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစီးပွားရေးအခြေအနေတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဝန်ထမ်းတွေ ကိုလစာတိုးမြှင့်မယ့် အလားအလာနဲ့ ပြည်ပလုပ်သား၊ သင်္ဘော သားတွေရဲ့ တရားဝင်ငွေလွှဲနှုန်း တိုးမြှင့်လိုက်တာ အပါအ၀င် ကျပ်ငွေ ဘီလီယံထောင်နဲ့ချီပြီ လိုငွေပြမှုတွေကြောင့်လည်း ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတာလို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့တာနဲ့ ကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။

လက်ရှိကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ နိုင်ငံခြားငွေလဲနှုန်း တွေဟာ ၂၀၂၄ ခုနှစ်စက်တင်ဘာလနောက်ပိုင်းအမြင့်ဆုံး‌အခြေအနေဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုတွေက ငွေကြေးကစားသူတွေကြောင့်လို့ စစ်ခေါင်းဆောင် က အပြစ်တင်နေပြီး တပိုင်တနိုင်ငွေလဲသူတွေကို ဖမ်းဆီးနေတာရှိ‌ပါတယ်။

ဆက်စပ်သတင်းများ