နိုဝင်ဘာ – ၂၆ ၊၂၀၂၆
မြန်မာနဲ့ နယ်စပ်နားမှာအမျိုးအမည်မသိ လေယာဉ် ချဉ်းကပ်လာမှုကြောင့် ကြားဖြတ်ဟန့်တားဖို့အတွက် F-16 တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ရကြောင်း ထိုင်းတော်ဝင် လေတပ်က ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့တုန်းကလေတပ်ရဲ့ရေဒါတွေဟာတက်ခ်ပြည်နယ်၊ ဖော့ဖရားခရိုင်နားကိုဦးတည်ပျံသန်းလာတဲ့အဲဒီလေယာဉ်ကိုထောက်လှမ်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ထိုင်းတော်ဝင် လေတပ်က အမျိုးအမည်မသိ လေယာဉ်လို့သာ ဖော်ပြထားပြီး မြန်မာလေတပ်ရဲ့ စစ်လေယာဉ်လို့တော့ တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။
လေယာဉ်ဟာ ပေ ၁၁၀၀၀ အမြင့်လောက်ကနေ နယ်စပ်နားကို ချဉ်းကပ်လာခဲ့တာကြောင့် လေတပ်ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြားဖြတ်ဟန့်တားဖို့ F-16 နှစ်စီးကို စေလွှတ်ခဲ့ကြောင်း လေတပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

Public Service Announcement
နက်ခွန်ဆာဝမ်ပြည်နယ်၊ တက်ခ်လီမြို့နယ်မှာ အခြေစိုက်တဲ့ အမှတ် ၄ ပျံသန်းရေး အုပ်ရဲ့ F-16 နှစ်စီးဟာ အရေးပေါ် ပျံတက်သွားခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အဲဒီလေယာဉ်ကို စောင့်ကြည့်ဖို့၊ ကြားဖြတ် ဟန့်တားဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးအမည်မသိ လေယာဉ်ဟာ ထိုင်းလေပိုင်နက်ထဲကိုတော့ ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။
ထိုင်းလေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံလေပိုင်နက် လုံခြုံရေးကို အချိန်ပြည့် စောင့်ကြည့်နေပြီး ဖော့ဖရားနဲ့ အနီးတဝိုက်က ဒေသခံတွေ အနေနဲ့ စိုးရိမ်ဖို့ မလိုကြောင်း၊ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ ထိခိုက်လာနိုင်ခြေ မှန်သမျှအတွက် ချက်ချင်း တုံ့ပြန်နိုင်အောင် စီစဉ်ထားကြောင်းလည်း ပါရှိခဲ့ပါတယ်။
ထိုင်းနယ်စပ်ရဲ့ တစ်ဖက်ခြမ်းမှာတော့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ကရင်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ခင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နယ်စပ်နားကို မြန်မာစစ်တပ်က စေလွှတ်တယ်လို့ ယုံကြည်ရတဲ့ လေယာဉ်တွေ ချဉ်းကပ်လာမှုကြောင့် ထိုင်းဟာ F-16တွေကို မကြာခဏ ပျံတက်စေခဲ့ရပါတယ်။
ကိုးကား – Nation



























































