နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တိုးတယ်ထာရွာအတွင်းသို့ အာဏာသိမ်းစစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၇နှစ်အရွယ် ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ရက် နေ့လည် ၁နာရီခွဲမှာ စစ်တပ်က တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာဟာ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တည်ရှိတာဖြစ်ပြီး KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရတော့ လယ်လူလားမြို့နယ်အတွင်း တည်ရှိတာဖြစ်ပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၁၆ရက်က မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် ဝင်းကဖော်ရွာနဲ့ အနီးတ၀ိုက်ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၁၈နှစ်အရွယ် လူငယ်တဦးနဲ့ သက်ကြီးရွယ်အို တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ရက်ကလည်း တောင်ပျောက်ကျေးရွာအုပ်စုအတွင်းကို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ဒေသခံ ပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့ပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU မြိတ်ထားဝယ်ခရိုင် အပါအဝင် ခရိုင် တပ်မဟာ အသီးသီးနယ်မြေတွေက ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူလူထုသေဆုံးထိခိုက်တာ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။


























































