နိုဝင်ဘာ – ၂၆ ၊၂၀၂၆
နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့ မြစ်တွေမှာ ရေအရည်အသွေး စောင့်ကြည့်မှုတွေ ပူးပေါင်း လုပ်ဆောင်ဖို့ မြန်မာနဲ့ထိုင်းကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာဖက်မှာ ရွှေနဲ့ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် မြစ်ရေတွေမှာ အဆိပ်အတောက် ဓာတ်တွေ ရောနှောကုန်ပြီး ထိုင်းပိုင်နက်ထဲ စီးဝင်တဲ့ အခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အခု သဘောတူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ညှိနှိုင်းဆွေးနွေးမှုမှာတော့ နယ်စပ်ဖြတ်ကျော် မြစ်တွေမှာ အဆိပ်အတောက် ဓာတ်သတ္တုတွေ ရောနှော ပါဝင်နေမှုကို စောင့်ကြည့်တဲ့ စခန်း ၆ ခု ပူးပေါင်းတည်ဆောက်ဖို့ ထိုင်းနဲ့ မြန်မာတို့က အတည်ပြုခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
မြစ်ရေညစ်ညမ်းမှုကို ပူးပေါင်းဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ ထိုင်း-မြန်မာ လုပ်ငန်းစဉ် အဖွဲ့ရဲ့ ပထမဆုံး အစည်းအဝေးမှာတော့ နမ့်ခုတ်မြစ်တလျှောက် မြစ်ရေ အရည်အသွေး စောင့်ကြည့်စခန်း ၄ ခု၊ မယ်ဆိုင်မြစ် တလျှောက်မှာ စခန်း ၂ ခု တည်ဆောက်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လကနေ စက်တင်ဘာလထိ ထိုင်းရဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနက နမ့်ခုတ်မြစ်၊ မယ်ဆိုင်မြစ်၊ မဲခေါင်မြစ်စတဲ့ နယ်စပ်ဖြတ်ကျော် စီးဆင်းတဲ့ မြစ်တွေရဲ့ ရေနမူနာနဲ့ နုန်းအနည်အနှစ် နမူနာတွေကို စစ်ဆေးခဲ့ရာမှာ အာဆင်းနစ် အဆိပ်အတောက်တွေ ရောနှောပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဒါဟာ မြစ်ရိုးတလျှောက် မြန်မာဖက်မှာ ရွှေနဲ့ ဓာတ်သတ္တုတွေ တူးဖော်တဲ့ လုပ်ငန်းတွေကနေ စွန့်ပစ်လိုက်တဲ့ ဓာတုပစ္စည်းတွေကြောင့်လို့ ထိုင်းက စွပ်စွဲထားပါတယ်။
အခုသဘောတူညီမှု အသစ်အရ ရေအရည်အသွေးဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တွေကို နှစ်နိုင်ငံကြား တစ်နှစ်ကို အနည်းဆုံးနှစ်ကြိမ် ဖလှယ်သွားကြဖို့လည်း ကတိပြုထားပါတယ်။
မြန်မာဖက် မြစ်ရိုးတွေတလျှောက် သတ္တုတူးဖော်မှုတွေဟာ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ တည်ရှိနေတာကြောင့် မြစ်ရေ ညစ်ညမ်းမှု လျှော့ချရေးမှာ အဲဒီ အဖွဲ့အစည်းတွေအပေါ် ဩဇာညောင်းတဲ့ တရုတ်ရဲ့ အကူအညီကို လိုအပ်နေကြောင်းလည်း ထိုင်းအစိုးရက ပြောကြားထားပါတယ်။
မနှစ်တုန်းက Reuters သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရှမ်းပြည်နယ်ရဲ့ လူသူအရောက်အပေါက် နည်းပါးရာ ကုန်းမြင့်ဒေသတွေမှာ တရုတ် သတ္တုမိုင်းတွင်း လုပ်ငန်းရှင်တွေဟာ ဝပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)ရဲ့ အကာအကွယ်နဲ့ မြေရှားသတ္တုတွေ အလုံးအရင်း တူးဖော်နေကြောင်း သိရှိရပါတယ်။
ကိုးကား- Bangkok Post



























































