နိုဝင်ဘာ – ၂၆ ၊၂၀၂၆
နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။
အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့် အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ကျားဖြန့် အန္တရာယ်ဟာ ဆက်လက် ကြီးမားနေဆဲ ဖြစ်သလို သိကျွမ်းခြင်း မရှိသူတွေရဲ့ အွန်လိုင်းကနေ ဆက်သွယ် အယုံသွင်းမှုတွေ၊ ပြည်ပ အလုပ်အကိုင် ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်ရင် အထူးသတိထားဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကြား ချိတ်ဆက် ဆောင်ရွက်မှု အခုထက် အားကောင်းဖို့ လိုလာနေပြီလို့လည်း သူက အကြံပြုခဲ့ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ်မှုတွေကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူ ဥပဒေ ပညာရှင်လည်းဖြစ်တဲ့ ဝက်စ်ဟာ မကြာသေးခင်တုန်းက ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ပြီး မြဝတီ မြို့နယ်ထဲက KK Park ကျားဖြန့်ဝင်းကို ဖောက်ခွဲ ဖျက်ဆီးမှု အခြေအနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
KK Parkကို ဖြိုချလိုက်ရုံနဲ့ ကျားဖြန့် လုပ်ငန်းတွေ အဆုံးသတ်သွားပြီလို့ အဓိပ္ပါယ် မှားယွင်း ကောက်ယူလို့ မရကြောင်း ဝက်စ်က သတိပေးခဲ့ပါတယ်။ ထိုင်းနဲ့ နယ်စပ်နားမှာ အဆောက်အအုံ အကြီးကြီးတွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတွေဟာ အရမ်း ထင်သာမြင်သာ ရှိနေတဲ့အတွက် အခုဆိုရင် ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းက လူသူသိရှိမှု နည်းပါးတဲ့ နေရာတွေဆီ ရွှေ့ပြောင်းကုန်ပြီလို့ ဝက်စ်က ဆိုပါတယ်။ ကျားဖြန့် လုပ်ငန်းတွေဟာ တောတောင် ဧရိယာတွေကနေတောင် အခြေစိုက် လည်ပတ်နိုင်တဲ့ အနေအထားမျိုး ရှိနေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ လူသိများတဲ့ ကမ္ဘောဒီးယား စီးပွားရေး လုပ်ငန်းရှင် ချန်ကျိကို အမေရိကန်က တရားစွဲခဲ့တဲ့နောက် ကမ္ဘောဒီးယား အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေပါ မြန်မာဖက်ကို ရွှေ့ပြောင်းလာတယ်လို့ ဝက်စ်က ပြောပါတယ်။
အာဏာပိုင်တွေက အနေနဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုစီကို ပစ်မှတ်ထား နှိမ်နင်းနေရုံနဲ့ မလုံလောက်ဘဲ နောက်ကွယ်က အဓိက ထောက်တိုင် တွန်းအားဖြစ်စေတဲ့ ကွန်ရက် တစ်ခုလုံးကို ခြေရာခံ ဖြိုချဖို့ လိုကြောင်းလည်း သူက သတိပေးသွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲက ကွဲပြားတဲ့ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြန့်ကျက် အခြေစိုက်ထားတာ၊ မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်နေတာတွေကြောင့် အဲဒီ ရာဇဝတ် ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ရေးဟာ ပိုပြီး ရှုပ်ထွေး ခက်ခဲလာနေတယ်လို့ ဝက်စ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား -Nation


























































