အာဏာသိမ်းစစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီး၊ခင်ပွန်းနှင့်မိသားစုဝင်များ၏အရေအတွက် စာရင်းကောက်ယူနေသည်။
စာရင်းအတိအကျ ပြုစုထားရန်လိုအပ်သောကြောင့် အသက် ၅၀နှစ်နှင့်အထက် ၊ အသက် ၅၀ အောက်နှင့် ကိုယ်ဝန်ဆောင် စာရင်းတို့ကို ပြုစုပေးရမည်ဟု စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ် မီးသတ်တပ်ဖွဲ့များထံ ဒီဇင်ဘာ၇ ရက်က ပေးပို့သည့် စာတွင်ဖော်ပြထားသည်။

စာရင်းကောက်ယူရာမှုတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် မီးသတ်ဦးစီးမှူးရုံးများ၊ ခရိုင်၊မြိုနယ်နှင့်နယ်မြေ မီးသတ်စခန်းများပါဝင်ပြီး ဒီဇင်ဘာ၈ ရက် မွန်းလွှဲ ၃ နာရီအရောက်ပို့ပေးရန် စစ်ကောင်စီကညွှန်ကြားထားသည်။
“စာရင်းကောက်တာတော့ ဟုတ်တယ်။ ဘာအတွက်ကောက်တယ်လို့မပြောဘူး။ ဒီအတိုင်းပဲ စာရင်းကောက်သွားတာ”ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

Public Service Announcement
“အဲ့ဒီလိုစာရင်းတောင်းတာ မှန်ပါတယ်။ အရင်နှစ်တွေကလည်း တောင်းတယ်။ ဒီနှစ်တောင်းတာကတော့ လက်ရှိ နိုင်ငံရေးမှာ အသုံးချမှာလားလို့ စိတ်ပူနေကြတယ်။ အခြေအနေတွေက ရှုပ်ထွေးနေလို့ ကြည့်နေကြည့်စားနေရပါတယ်”ဟု ပြည်နယ်တစ်ခုမှမြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီတပ်သည်နိုင်ငံတစ်ဝန်း လပေါင်းများစွာစစ်ပွဲများကြုံတွေ့နေခြင်း ၊နေ့စဥ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာသေဆုံးနေခြင်း၊ပြည်သူ့ရင်ခွင်ခိုလှုံသော တပ်ဖွဲ့ဝင်များထောင်သောင်းချီရှိလာခြင်းနှင့် တပ်ပြေး၊ရဲပြေးများ အဆမတန်များလာပြီး တပ်သားသစ်စုဆောင်းရန်အခက်တွေ့လာပြီးအင်အားချီနှဲ့လာသည်။
ထိုကြောင့် ပြည်သူစစ်အဖွဲ့များ၊ စစ်မူထမ်းဟောင်းများ အခကြေးငွေပေး၍ ၎င်းတို့ဘက်မှ တိုက်ခိုက်စေခြင်းပြုလာသည်။ ထို့အပြင် စစ်သားများ၏ ဇနီးများနှင့် မိသားစုများကို စစ်သင်တန်းမဖြစ်မနေ တက်ရောက်စေပြီး ကင်းစောင့်ခိုင်းခြင်းများပြုလုပ်လာသည်။ အလားတူရဲများ၏ မိန်းမနှင့် မိသားစုဝင်များကိုလည်း စစ်သင်တန်းတတ်စေရန် စစ်ကောင်စီက ဆောင်ရွက်နေသည်။
ထိုအပြင်မီးသတ်တပ်ဖွဲ့ဝင်များကိုပါ စစ်သင်တန်းတက်ရောက်ခိုင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ရန်တိုက်ပေးရန် ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၏မိသားစုဝင်စာရင်းများကို ကောက်ယူသောညွှန်ကြားစာထွက်လာခြင်းဖြစ်သည်။
အရပ်သားအစိုးရလက်ထက် ၂၀၂၀ တွင် လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတစ်ဦးဖြစ်သော စရဖအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ထို့နောက် ယခင်အများအကျိုးပြုဌာနအဖြစ်သီးခြားကဲ့သို့ ရှိခဲ့သောမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ သွပ်သွင်းပြီးနောက် ပြည်ထဲရေးကမီးသတ်တပ်ဖွဲ့ကိုပိုမိုလွှမ်းမိုးခြယ်လှယ်လာခြင်ဖြစ်သည်။

















































